တာချီလိတ်မြို့၌ ကိုဗစ်(၁၉)ရောဂါကာကွယ်ထိန်းချုပ်ရေးအထောက်အကူဖြစ်စေရန် ဝမ်လုံးကျေးရွာ Quarantine Centerတွင် PPE ဝတ်စုံ (၄၀)နှင့်အတူ သြဂဲနစ်(Organic)သဘာဝသီးနှံဟင်းသီးဟင်းရွက်များ ထောက်ပံ့ပေး

တာချီလိတ် ဇူလိုင် ၂၈



ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ကိုဗစ်(၁၉) ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူဖြစ်စေရန် ဝမ်လုံးကျေးရွာရှိ Quarantine Centerတွင် အသုံးပြုနိုင်ရေး ရှမ်းရှေ့နဂါးမင်း ကုမ္ပဏီက PPE ဝတ်စုံ ၄၀ စုံနှင့်အတူ ဩဂဲနစ် (Organic)သဘာဝသီးနှံများ၊ ဟင်းသီးဟင်းရွက်များကို ယမန်နေ့ ညနေပိုင်းက ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ထောက်ပံ့ရာတွင် ဝမ်လုံးကျေးရွာ Quarantine Center ၌ ထားရှိသူ အမျိုးသား ၁၀၀ ဦးခန့်နှင့် ကြည့်ရှုစောင့်ရှောက်ဝန်ဆောင်မှုပေးနေသည့် စေတနာလုပ်အားရှင် ၁၀ဦးခန့် တို့၏စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ဩဂဲနစ် (Organic)သဘာဝသီးနှံများဖြစ်သည့် ဟင်းသီးဟင်းရွက် ချဉ်ပေါင်၊ ကန်စွန်း၊ ဖရုံ၊ ဘူးညွန့်၊ ဘူးသီး၊ ရုံးပတီသီး၊ ခရမ်းချဉ်သီး၊ ကြက်ဟင်းခါးသီး စသည့် ဟင်းသီးဟင်းရွက်များနှင့် PPE ဝတ်စုံ(၄၀)စုံတို့ကို လာရောက်လှူဒါန်းပေးခြင်းဖြစ်ကြောင်းနှင့် ဆက်လက် လှူဒါန်းပေး သွားရန်လည်းရှိကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အလားတူ ရှမ်းရှေ့ နဂါးမင်းကုမ္ပဏီကဇူလိုင် ၂၃ ရက်နေ့တွင် ကိုဗစ်(၁၉)ရောဂါ ဖြစ်ပွားနေသည့်ကာလ မြို့နယ်စည်ပင်သာယာရေးဌာနမှ သန့်ရှင်းရေးဝန်ထမ်း အိမ်ထောင်စု ၂၇ စုအား ကျန်းမာရေးနှင့်ညီညွတ်စေသည့် သြဂဲနစ်သီးနှံ ဟင်းသီးဟင်းရွက်စည်းရေပေါင်း ၂၀၀ခန့်အား  ထောက်ပံ့ပေးခဲ့ကြောင်းလည်း  သိရသည်။


ယာဆေး(ပြန်/ဆက်)