အောင်ပန်းမြို့တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်မည်နေရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှု

တောင်ကြီး     ဇူလိုင်   ၂၈

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးကိုကိုလွင်နှင့် အဖွဲ့ဝင်များ ကလောမြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ အောင်ပန်းမြို့နယ်အုပ်ချုပ်ရေးနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ ညနေပိုင်းက အောင်ပန်းမြို့ ဟိုက်ဒရိုကွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမပြန့်ပွားရေးနှင့် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကုန်တင်ကုန်ချ မော်တော်ယာဉ်ကားကွင်းအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား  လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့သည် အောင်ပန်းမြို့မိုးကုတ် ဝိပဿနာဓမ္မာရိပ်သာကျောင်း၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်မည့်နေရာနှင့် positive အတည်ပြုလူနာ ထားရှိသည့် Quarantine Center တို့ကိုသွားရောက်ကြည့်ရှု၍လိုအပ်သည်များ မှာကြားခဲ့သည်။ အောင်ပန်းမြို့အတွက် အောက်ဆီဂျင်ကိုလုံလောက်စွာရရှိနိုင်ရန်အတွက် သြဂုတ်လ(၂၅)ရက်မှာ စက်ရုံကို အပြီးသတ်တည်ဆောက်၍ စက်လည်ပတ် နိုင်မှာပါအောက်ဆီဂျင်ကို(၁)ရက်လျှင် (၄၀)လီတာအိုး(၈၀) လုံးထွက်ရှိမှာဖြစ်ပြီး (၁)ရက်ကို စက်မောင်းချိန်(၃)နာရီ လည်ပတ်ပြီး အောက်ဆီဂျင် ပစ္စည်းအစုံနှင့် အိုး(၁၀၀)ရှိပါတယ်၊ စက်ကိုတော့ ရန်ကုန်မှာ ထားပါကြောင်း နှင့် အောင်ပန်းမြို့အတွက်လုံလောက်မှုရ ရှိနိုင်ပါကြောင်း အောင်ပန်းမြို့ပရဟိတ ဥက္ကဋ္ဌဦးကိုလေးက ပြောသည်။ အဆိုပါ အောင်ပန်းမြို့ မိုးကုတ်ဝိပဿ နာဓမ္မာရိပ်သာကျောင်း Quarantine Centerတွင် positive အတည်ပြုလူနာ (၁၇၇)ဦး ရှိကြောင်းနှင့် အောက်ဆီဂျင်စက်ရုံကို မိုးကုတ်ဝိပဿနာဓမ္မာရိပ်သာကျောင်းဝင်း၌ တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)