သီပေါ သြဂုတ် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် လားရှိုး−မန္တလေး ပြည်ထောင်စုလမ်းမကြီး အကောင်းကြိုက် မီးပွိုင့်လမ်းဆုံနှင့် ဗိုလ်ချုပ်လမ်းတို့တွင် အသစ်ပြဋ္ဌာန်းလိုက်သည့် ၂၀၂၀ ပြည့်နှစ် ယာဉ် အန္တရာယ်ကင်းရှင်းရေး နှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပါ လက်ကမ်းစာစောင်များကို ပြည်သူများ သိရှိနိုင် စေရန် ယနေ့ နံနက်(၈) နာရီ အချိန်တွင် ထပ်မံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဖြိုးဝေနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၂၄) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု ၊ ကျောက်မဲယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်၊ သီပေါတာဝန်ခံ တပ်ကြပ်ကြီး ဝင်းဇော်လတ် ဦးဆောင် သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မော်တော်ယာဉ်မောင်းနှင်သူများ ဆိုင်ကယ်မောင်းနှင်သူများ အား မြေပြင်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အသိပညာပေး ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု လွှတ်တော် က မေလ ၂၆ရက်နေ့တွင် ပြဋ္ဌာန်းထားသည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေအသစ်ပါ လက်ကမ်းစာစောင်များကို ပြည်သူများ သိရှိလိုက်နာ နိုင်စေရန် စောင်ရေ (၅၀၀) အားထပ်မံဖြန့်ဝေပေးခဲ့ကြောင်းနှင့် မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းရာတွင် ရှေ့မီး အနိမ့်ကို နေ့၊ ညအချိန် တိုင်းဖွင့်၍ မောင်းနှင်ရမည်ဖြစ်ကြောင်းကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရခြင်းဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါပြန်/ဆက်)