တာချီလိတ်မြို့တွင်မီးဘေးသင့်ပြည်သူအား ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေး

တာချီလိတ်  ဇူလိုင်  ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ နေ့လည် အချိန်က ထောက်ပံ့ပေးခဲ့ကြောင်း  သိရသည်။

တာချီလိတ်မြို့နယ် ဦးစီးဌာနမှူးရုံးမှ တာဝန်ရှိသူများသည် ဇူလိုင် ၈ ရက်နေ့ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ ဝေလှေလန်ကျေးရွာ၌ ဖြစ်ပွားခဲ့သည့် မီးဘေးသင့်နေအိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း  (၂၂)မျိုးနှင့် အိမ်ဆောက်ပစ္စည်း  တန်ဖိုးငွေကျပ်(၂)သိန်း၊  မိသားစု

(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ငွေ ၆၃၀၀/-ကျပ် စုစုပေါင်း၂၀၆၃၀၀/-(ကျပ်နှစ်သိန်းခြောက်ထောင်သုံးရာတိတိ)ကို မီးဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဇူလိုင်လ ၉ ရက်နေ့တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာ၌ တစိတ်တပိုင်း မီးဘေးသင့်ခဲ့သော အိမ်ခြေတစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ်(၉)သောင်းကို ထပ်မံထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

ယာဆေး (ပြန်/ဆက်)