တောင်ကြီးမြို့နယ်တွင် Stay at Home ကာလအတွင်း ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာမှုမရှိစေရေး မြို့နယ်ပူးပေါင်းစစ်‌ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်

                                                                                               

တောင်ကြီး  ဇူလိုင် ၂၈

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် COVID-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသဖြင့် COVID-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ တောင်ကြီးမြို့နယ်တွင် Stay at Home ကာလအတွင်း ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာမှု မရှိစေရေး မြို့နယ်ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ ယမန်နေ့နံနက်(၈)နာရီအချိန်ခန့်မှ စတင်၍ ကုန်သည်လမ်းနှင့် မီးသွေးတန်းလမ်းဆုံ၊ မြင်းရုပ်မီးပွိုင့်လမ်းဆုံ၊ စဝ်စံထွန်းစျေး၊ ၂၁၂ စျေး၊ အမှတ်(၅)စျေး များတွင် မိုဘိုင်း လှည့်လည်၍ ကွင်းဆင်းစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာတွင် တောင်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ COVID-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့များက Stay at Home အစီအစဉ်တွင် ပါဝင်သော တောင်ကြီးမြို့နယ်အတွင်းသို့ အခြား မြို့နယ်များမှ ပြည်သူများ နယ်မြေကျော်ဖြတ်သန်းခြင်း၊ မြို့နယ်အတွင်းရှိ ပြည်သူများဈေးဝယ်ထွက်ခြင်းနှင့် ဆေးရုံဆေးခန်းပြသခြင်းတို့အတွက် နေအိမ်ပြင်ပ ထွက်ခွာသွား ရောက်ပါက နယ်မြေဖြတ်သန်းခွင့်ကတ်ပြားများ၊ ဝန်ထမ်းများကဝန်ထမ်းကတ်ပြားများ တစ်ပါ တည်း ယူဆောင်၍ Stay at Home စည်းမျဉ်းစည်းကမ်းများနှင့်အညီ သွားလာမှု ရှိမရှိ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။