မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ တွေ့ဆုံမေးမြန်းခြင်း

မိုင်းဖြတ်  ဇူလိုင် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  မြို့နယ် ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ပါဝင်ဆောင်ရွက်နေကြသည့် စေတနာ့ဝန်ထမ်းများနှင့် ယခုလိုတွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။ မိုင်းဖြတ်မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှာ တာဝန်ယူဆောင်ရွက်နေတာနဲ့ပတ်သက်ပြီး သိပါရစေ။

ဖြေ။     ကျွန်တော်ကတော့ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီမှာ ဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်နေတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်ဖြစ်ပါတယ်။

မေး။ မိုင်းဖြတ်မြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ရောဂါ  အတည်ပြုလူနာ ဘယ်နှစ်ဦးရှိပါသလဲဗျ ။

ဖြေ။  မိုင်းဖြတ်မြို့နယ်အနေနဲ့ လက်ရှိအခြေအနေနဲ့ ပြောပြရရင်တော့ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ အတည်ပြုလူနာ စုစုပေါင်း(၁၀)ဦး စိစစ်တွေ့ရှိရပါတယ်၊ သူတို့နဲ့ထိတွေ့ခဲ့သူ ၂၆ ဦးကိုတော့ Fecility Quarantine အနေနဲ့ထားရှိပါတယ်။

မေး။   ကိုဗစ်-၁၉ရောဂါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုများကို သိပါရစေ။

ဖြေ။    အသိပညာပေးလုပ်ငန်းများအနေနဲ့ ရပ်ကွက်/ ကျေးရွာအုပ်စုတွေမှာ အသံချဲ့စက်တွေနဲ့ နေ့စဉ်အသိ ပေးနှိုးဆော်နေပါတယ်၊ ဒါ့အပြင် ဇွန်လ၂၇ရက်နေ့၊ နံနက်၈နာရီမှာ ဆိုက်ခေါင်ကျေးရွာမှာ အသိပညာ ပေးခြင်းနဲ့ နှာခေါင်းစည်း( Mask)များကို ဝေငှပေးခဲ့ပါတယ်၊ အဲ့ဒီနောက် ဇူလိုင်လ၃ရက်နေ့မှာ   ကော်မတီ ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနဲ့အတူ မြို့မစျေးရှေ့၊ ပြည်ထောင်စုလမ်းမ ကြီးပေါ်နဲ့၊ မြို့မစျေးအတွင်း သွားလာနေကြသူများကို အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ၊ နှာခေါင်းစည်း(Mask)များကို (အခမဲ့)ဝေငှပေးခဲ့ပါတယ်။ ဇူလိုင်လ ၁၄ရက်နေ့ ညနေ ၅နာရီအချိန်ကစပြီး ဟိုနားကျေးရွာ၊ စျေးတန်းရပ်ကွက်၊ ဝမ်မိုင်ရပ်ကွက်တို့မှာလည်း ဌာနဆိုင်ရာများနဲ့ ပူးပေါင်းပြီး အသိပညာ ပေးခြင်း၊ အသံချဲ့စက်ဖြင့်အသိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များကို ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

မေး။   မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ      ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများနဲ့ ပတ်သက်ပြီး လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေများကို သိပါရစေ။

ဖြေ။    ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအနေနဲ့ ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေးစစ်ဆေး ရေးဂိတ်ကို ကျိုင်းတုံ-မိုင်းဖြတ်-တာချီလိတ်သွား ပြည်ထောင်စုလမ်းမကြီးပေါ်(မြို့ဝင်ဘီးခွန်ဂိတ်) အနီးမှာ ဇူလိုင်လ ၁၂ရက်ကစပြီး နေ့စဉ်နံနက် ၆နာရီမှ ညနေ၆နာရီအထိ အုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ကျန်းမာရေး၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များနဲ့ ပူးပေါင်းဖွင့်လှစ်ပြီး ခရီးသွားပြည်သူများကို ကိုယ်ပူချိန်တိုင်တာစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်များရယူ ခြင်း၊ အခြားဒေသများမှ မြို့နယ်အတွင်း ညအိပ်ညနေလာရောက်ခြင်းမပြုရေး အထူးကြပ်မတ်ဆောင် ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် စည်ပင်သာယာမြို့မစျေးကိုတော့  ဇူလိုင်လ၁၈ရက်မှာ ယာယီပိတ်ထားခဲ့ပြီး၊ လေယာဉ်ကွင်းဟောင်းနေရာမှာ ယာယီပျံကျစျေးကို ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခွင့်ပြုထားပါတယ်။

မေး။   မြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့တဲ့ အခြေအနေများကို သိပါရစေ။

ဖြေ။    ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံဖို့ လူဦးရေစုစုပေါင်း ၂၁၂၉၇ဦးကို ထိုးနှံသွားမှာဖြစ်ပါတယ်၊ အားလုံး စုစုပေါင်း ၂၃၁၀ဦးကိုထိုးဖို့ရည်မှန်းထားချိန်မှာတော့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်မှာ ၂၆၀၈ဦး (COVISHIELD) အန္ဒိယဆေးကို ထိုးနှံပေးနိုင်ခဲ့ပြီး တတိယအကြိမ်အနေနဲ့ တရုတ်ဆေး၆၅ဦး စုစုပေါင်း ၂၆၇၃ဦးကို ထိုးနှံပြီးစီးကြောင်း ပြောကြားလိုပါတယ်။

မေး။ မြို့နယ်အတွင်းမှာ  Quarantine Centre တွေစီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို သိပါရစေဗျ။

ဖြေ။    ကိုဗစ်-၁၉အတွက် အတည်ပြုလူနာနဲ့ သံသယလူနာတွေအတွက် Fecility Quarantine Centre တွေကတော့ နယ်မြေခံတပ်တပ်ရင်းတွေက လူပျိုဆောင်တစ်ဆောင်လျှင် ၁၅ဦးနှုန်းနဲ့ ၁၅၀ဦးအတွက် ဆောင်ရွက်ထားပါတယ်၊ အရပ်ဘက်အနေနဲ့ အထက(မိုင်းဖြတ်)မှာ ၁၅၀ဦး အထက(ဟိုနား)မှာ ၈၀ဦး၊ စုစုပေါင်း၃၈၀ဦးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိပါတယ်။ ဒါအပြင် ပိုးတွေ့လူနာတွေများပြားလာရင် တော့ ဆေးရုံမှအပ တပ်မတော်အားကစားခန်းမမှာ ၅၀ဦး၊ စစ်ဆေးရုံမှာ ၂၅ဦး၊ အရပ်ဘက်အနေနဲ့ စျေးတန်းကွက်သစ် လားဟူနှစ်ခြင်းဘော်ဒါဆောင်မှာ ၅၀ဦး စုစုပေါင်းအတည်ပြုလူနာ ၁၂၅ဦးအတွက် ပြင်ဆင် ဆောင်ရွက်ထားရှိပါတယ်။ ကုသရေးCentre အနေနဲ့ကတော့ တပ်မတော်ဆေးရုံမှ ၂ဦး၊ ပြည်သူ့ဆေးရုံမှာ ၁၂ဦး စုစုပေါင်း ၁၄ဦးအတွက် ပြင်ဆင်ထားရှိပါတယ်။

တွေ့ဆုံမေးမြန်းနှင့် ဓာတ်ပုံ၊ သန်းထွန်းအေး

မိုင်းဖြတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေကြသည့် စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံမေးမြန်းခြင်း

မေး။   မြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး၊  လုပ်ငန်းတွေမှာ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့က   ပူးပေါင်းဆောင်ရွက်နေတဲ့ အခန်းကဏ္ဍတွေကို သိပါရစေဗျ။

ဖြေ။    ကျွန်မကတော့ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုခွဲမှူး ဒေါ်ဘူးဂျဖြစ်ပါတယ်ရှင်၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် တစ်ယောက်အနေနေနဲ့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး၊ အသိပညာပေးလုပ်ငန်းတွေမှာ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်နေသလို၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များကလည်း အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်ဖို့  အဆင်သင့်ရှိပါတယ်။ လိုအပ်ပါက Quarantine Centre တွေမှာလဲ ပါဝင် ကူညီဆောင်ရွက်ဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားပါတယ်၊ အဓိကကတော့ မြို့နယ်Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုနဲ့အတူ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်ရှင်။ 

မေး။   မြို့နယ်မှာ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစစ်ဆေးရေးဂိတ်မှာ ပူးပေါင်းပါဝင်နေတဲ့ အခန်းကဏ္ဍကို သိပါရစေဗျ။

ဖြေ။    ကျွန်မတို့မြို့နယ်မှာ ကိုဗစ်-၁၉ရောဂါ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ဇူလိုင်လ ၁၂ရက်ကစပြီး ကျိုင်းတုံ-မိုင်းဖြတ်- တာချီလိတ်သွား ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ နေ့စဉ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက အလှည့်ကျ ပူးပေါင်းဆောင်ရွက်ပြီး ကျန်းမာရေးဝန်ထမ်းများ၊  သက်ဆိုင်ရာဝန်ထမ်းများနှင့်အတူ ခရီးသွားမိဘပြည်သူများကို ကိုယ်ပူချိန်တိုင်းတာစစ်ဆေး ခြင်း၊ ခရီးသွား မှတ်တမ်းများ မေးမြန်းကောက်ယူခြင်းနှင့် လိုအပ်ပါက ဆက်သွယ်လို့ရမည့် ဖုန်းနံပါတ်များ ကို မှတ်တမ်း ပြုရယူပါတယ်။ မြို့နယ်အတွင်း ညအိပ်ညနေလာရောက်ပါက ကျန်းမာရေးဌာနမှာ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ RDT Test Kitနဲ့ စစ်ဆေးရပါတယ်၊ လိုအပ်ရင်တော့ မြို့နယ်Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီရဲ့ လမ်းညွှန်မှုများနဲ့အတူ ဆောင်ရွက်ပါ တယ်။

မေး။ ယခုဆိုင်ရင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်တွေ အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်နေသလို မိဘပြာသူများကို ကိုဗစ်-၁၉ရောဂါနဲ့ပတ်သက်ပြီး အသိပညာပေးစကားပြောပြပေးပါဗျ။

ဖြေ။    မိဘပြည်သူများအနေနဲ့ အဓိကကတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများဖြစ်တဲ့ တတ်နိုင်သမျှ အိမ်အတွင်းမှာသာနေထိုင်ကြပါ၊ မဖြစ် မနေ အိမ်အပြင်သို့ထွက်ပါက နှာခေါင်းစည်း(Mask)များကို စနစ်တကျတပ်ဆင်ပါ၊ အရာဝတ္ထုတစ်ခုခု ကိုကိုင်တွယ်ပြီးတိုင်း လက်ကိုစက္ကန့်(၂၀)ကြာအောင် ဆပ်ပြာဖြင့်စင်ကြယ်အောင်ဆေးကြောပါ၊ နှာခေါင်းစည်း (Mask) မတပ်ထားသူများနှင့် စကားပြောခြင်း၊ စျေးဝယ်ခြင်းများကို ရှောင်ကြဉ်ပါ။ စတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဆောင်ရွက်ပါက ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကို ကျော်လွှာနိုင်မှာ ဖြစ်ပါကြောင်း အသိပေးပြောကြားလိုပါတယ်ရှင့်။

 

မေး။ မြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး၊  လုပ်ငန်းတွေမှာ  သင်္ဂဟ လူမှုကူ ညီရေး အသင်းအနေနဲ့  ပူးပေါင်းဆောင်ရွက်နေတဲ့ အခန်းကဏ္ဍတွေကို သိပါရစေဗျ။

ဖြေ။      ကျွန်တော်ကတော့ မိုင်းဖြတ်မြို့နယ် သင်္ဂဟလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးလှမောင်သာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ အသင်းအနေနဲ့ မြို့နယ်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ် ငန်းများနဲ့ပတ်သက်လို့ ပူးပေါင်းပါဝင်ဖို့အဆင်သင့်ရှိပါတယ်။ မြို့နယ်တွေမှာ  အောက်ဆီဂျင်လိုအပ်ချက်တွေကို တွေ့ရှိနေရပါတယ်။ တကယ်လို့ အောက်ဆီဂျင် လိုအပ်ချက်တွေရှိပါက အသင်းပိုင်အောက်ဆီဂျင် အိုးငါးလုံးနဲ့အသုံးပြုမှာဖြစ်ပါတယ်၊ သုံးလို့ကုန်ပါက တာချီလိတ်မြို့သော်လည်းကောင်း၊ ကျိုင်းတုံမြို့သော် လည်းကောင်း သွားရောင်းဖြည့်တင်းပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။  သင်္ဂဟ လူမှုကူညီရေးအသင်းကို ဆက်သွယ်စုံစမ်းလိုပါက အသင်းနာယက ဆရာတော် ဖုန်း၊ ၀၉၄၂၈၂၁၀၈၉၀ ကိုလည်းကောင်း၊ အသင်း ဥက္ကဋ္ဌ ဦးလှမောင်သာ ၀၉၂၅၀၄၇၅၅၀၅ ကိုလည်းကောင်း ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း ပြောကြားလိုပါတယ်။

တွေ့ဆုံမေးမြန်းနှင့် ဓာတ်ပုံ၊ သန်းထွန်းအေး