အောက်ဆီဂျင်စက်ရုံ ထားရှိမည့် အဆောက်အဦတည်ဆောက်နေမှုအခြေအနေအား ကြည့်ရှူ စစ်ဆေး

ရွှေကူ  ဇူလှိုင်     ၂၇

 ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌဦးမြင့်ထွန်း၊ နှင့် ကော်မတီအဖွဲ့ဝင်များသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အောက်ဆီဂျင် လိုအပ်နေသောလူနာများအား အောက်ဆီဂျင်အခမဲ့ဖြန့်ဝေပေး နိုင်ရန် အတွက် တစ်နာရီလျှင် အောက်ဆီဂျင်  ၁၈၀  လီတာ ထုတ်ပေးနိုင်သည့် စက်ရုံထားရှိနိုင်ရေးအတွက် အဆောက်အဦ တည်ဆောက်နေမှုအခြေအနေအား ယနေ့နံနက် ၁၀ နာရီက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

 

ထိုသို့သွားရောက်စစ်ဆေးရာတွင် ရွှေကူမြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် ကော်မတီအဖွဲ့ဝင်များသည့် အဆောက်အဦး တည်ဆောက် နေမှု အခြေအနေနှင့်၊ Foundation ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အုတ်၊သဲ၊ဘိလပ်မြေ စုဆောင်းထားရှိမှု အခြေအနေများကို ကြည့်ရှူ့စစ် ဆေးခဲ့ပြီးနောက် လိုအပ်သည်များကို ပေါင်းစပ် ညှိ နှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ အဆောက်အအုံတည်ဆောက်နေမှုနှင့် ပတ်သက်၍ “အောက်ဆီဂျင်စက်ရုံထားရှိနိုင် ရေးအတွက်  အဆောက်အဦကို မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း  ဆေးသိုလှောင်ရုံ နံဘေးရှိ  မြေကွက်လပ်တွင် အလျား ၂၅ ပေ × အနံ ၂၀ ပေ ၊ သုံးခန်းနှစ်ခန်း တစ်ထပ်၊ အုပ်ညှပ်၊သွပ်မိုး တည်ဆောက်လျှက်ရှိပြီး အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေများဖြင့် တည်ဆောက်သွား မည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် Foundation စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ စုစုပေါင်းကုန်ကျငွေ ကျပ်သိန်း(၉၀)ခန့် ကုန်ကျနိုင် မည်ဟု ခန့်မှန်းထားပါကြောင်း၊ ၎င်းအဆောက်အဦအား အမြန်ပြီးစီးနိုင်ရေး ဆောင်ရွက် လျက်ရှိပြီး  စက်ရုံတည်ဆောက်ပြီးပါက ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူလူနာများ၏ အောက်ဆီဂျင်လိုအပ်မှုအား ပိုမိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း” ရွှေကူမြို့နယ် အောက်ဆီဂျင်ဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။