မိုင်းရယ် ဇူလိုင် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ(လားရှိုး)မှ တောင်သူများအတွက် ၂၀၂၁ မိုးရာသီစိုက်ပျိုးရာသီ အသီးအနှံများ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့ နမ့်ရယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုင်းရယ်မြို့ အမှတ်(၁)နှင့်(၂)ရပ်ကွက်မှ တောင်သူများ၊ ကောင်းမောင်ကျေးရွာ၊ ခိုင်ဆိုင်းကျေးရွာနှင့် နားဖျိုင်းကျေးရွာတို့မှ တောင်သူ(၁၇၁)ဦး တို့အား စပါး ၁ ဧက (၁၅၀၀၀၀)နှုန်းဖြင့် (၅၃၇) ဧကကိုလည်းကောင်း၊ ပြောင်း ၁ ဧက (၁၀၀၀၀၀)နှုန်းဖြင့် (၁၉၁) ဧကကိုလည်းကောင်း စုစုပေါင်း စိုက်ပျိုးစရိတ်ချေးငွေကျပ် (၉၉၆၅၀၀၀ဝ)အား မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များက တောင်သူများထံ လက်ဝယ်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေကို အတိုး ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် မတ်လတွင် ပြန်ဆပ်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဦးကျော်ဇင်ထိုက်