မိုင်းယောင်း ဇူလိုင် ၂၇
မေး။ ။ မိုင်းယောင်းမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ လက်ရှိဖြစ်ပွားနေမှု အခြေအနေများကို ဖြေကြားပေးပါအုံး ခင်ဗျာ။
ဖြေ။ ။ ကျွန်တော်ကတော့ မိုင်းယောင်းမြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းဖြစ်ပါတယ်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်မှာဆိုရင် ကိုဗစ်-၁၉ ဒုတိယလှိုင်း ဖြစ်ပွားစဉ်ကာလအတွင်းက ၄-၁၂-၂၀၂၀ ရက်နေ့ကနေပြီးတော့မှ ၁၆-၁-၂၀၂၁ ရက်နေ့အထိ ကိုဗစ်ရောဂါပိုးတွေ့လူနာပေါင်း (၁၆) ဦးရှိခဲ့ပါတယ်။ ယခုကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားစဉ်ကာလမှာ ၅-၇-၂၀၂၁ ကနေပြီးတော့မှ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ မိုင်းယောင်းမှာ(၈)ဦးနှင့် မိုင်းယုမှာ(၂)ဦး စုစုပေါင်း (၁၀)ဦး ရှိပါတယ်။
မေး။ ။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ရောဂါလက္ခဏာများကို ရှင်းပြပေး ပါအုံး ခင်ဗျာ။
ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါလက္ခဏာဟာဆိုရင် ရောဂါဖြစ်ပွားသောလူတွင် အပြင်းဖျားခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လက်ချောင်းနာခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အသက်ရူကြပ်တဲ့ လက္ခဏာတွေဖြစ်ပွားတတ်ပါတယ်။
မေး။ ။ မိုင်းယောင်းမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ဖြေကြား ပေးပါအုံး ခင်ဗျာ။
ဖြေ။ ။ မိုင်းယောင်းမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်မှုအနေနဲ့ အပတ်စဉ် တစ်ပတ်လျှင်(၂)ကြိမ်၊ ကျွန်တော်တို့ Mask Campaign ဆောင်ရွက်လျက် ရှိပါတယ်။ ပြည်သူလူထုကို ကိုဗစ်ရောဂါနှင့်ပတ်သက်ပြီး အသိပညာမြှင့်တင်နိုင်ရန်အတွက် ရပ်ကွက်နှင့်ကျေးရွာများမှာ ဒေသတိုင်းရင်းသား ဘာသာ စကားဖြင့် အသိပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ မိုင်းယောင်း မြို့နယ် စည်ပင်သာယာဈေးနှင့် စားသောက်ဆိုင်များတွင်လည်း ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းအတွက် ဈေးဆိုင်ရောင်းချသူများကိုလည်း အသိပညာပေးခြင်း၊ ဈေးဆိုင်များကိုလည်း Take away ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရန် ဆောင်ရွက်ထား ရှိပါတယ်။
မိုင်းယောင်းမြို့နယ်အဝင် မုန်းလိုက်တံတား ကျန်းမာရေးစစ်ဆေးရေးဂိတ်မှာလည်းပဲ မြို့နယ်ပြင်ပမှ ပြန်လည်ဝင်ရောက်လာသူများအား ရောဂါလက္ခဏာများကို စုံစမ်း စစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင်များ မေးမြန်းခြင်း၊ ကုန်တင်ကား မောင်းသော ယာဉ်မောင်း များအား ကိုဗစ်ရောဂါ စစ်ဆေးထားရှိမှု အခြေအနေ စစ်ဆေးပြီးတော့မှ လိုအပ်လျှင် RTD ဖြင့် ရောဂါ စစ်ဆေးခြင်းများလည်း ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ။ မိုင်းယောင်းမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေလေးတွေကို ဖြေကြားပေးပါအုံး ခင်ဗျာ။
ဖြေ။ ။ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းအနေနဲ့ကတော့ ၂၀၂၁ ခုနှစ်၊ မတ်လမှာ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အို(၃၆၉၅)ဦးနဲ့ ကျန်းမာရေးဝန်ထမ်း(၉၄)ဦး စုစုပေါင်း(၃၇၈၉)ဦးကို လည်းကောင်း၊ ၂၀၂၁ ခုနှစ် ဇွန်လမှာ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း (၁၈၀) ဦးကိုလည်းကောင်း ကာကွယ်ဆေး ထိုးနှံထားပြီး ဖြစ်ပါတယ်။
မေး။ ။ ဒေါက်တာ့အနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်ပြီး အများပြည်သူ သိရှိနိုင်ရေးအတွက် ဖြည့်စွက်ပြောကြားလိုတာများရှိခဲ့ရင် ပြောကြားပေးပါအုံး ခင်ဗျာ။
ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို ဆောင်ရွက်ရာမှာ ပြည်သူလူထုအနေနဲ့ ကိုဗစ်ရောဂါ၏ ကူးစက်ပျံ့ပွားပုံနည်းလမ်းများ၊ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော အချက်များအား လိုက်နာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းကို ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်သူလူထုအနေနဲ့ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးနည်းလမ်းများကို လိုက်နာ ဆောင်ရွက်ပေးကြပါရန် ကျွန်တော့်အနေနဲ့ အကြံပြုတင်ပြအပ်ပါတယ်။
ယခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
အားချာ(ပြန်/ဆက်)