ကျောက်ဆည် ဇူလှိုင် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ဇရပ်ဖြူကျေးရွာတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ တောင်သူများ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းအမှတ်(၁၆၀) တောင်သူ ဦးမြင့်သိန်းကို၏ လယ်မြေ (၁)ဧကတွင် ယနေ့နံနက်(၈)နာရီခွဲက ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုး မှုသရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးမည်ဆိုပါက လုပ်သားရှားပါးမှုကိုဖြေရှင်းနိုင်ပြီး လယ်(၁)ဧကတွင် မျိုးစေ့ (၈)ပြည်မှ(၁၀)ပြည်အထိ အသုံးပြုရပြီး စိုက်ပျိုးရာတွင်လည်း စိုက်ပျိုးစရိတ်သက်စေခြင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မြန်ဆန်တွင်ကျယ်မှုရှိခြင်း၊ စပါးစိုက်တန်းများဖြောင့်တန်း ခြင်း၊ ကောက်ကွက် အကွာအဝေးမှန်ကန်ခြင်း၊ ပျိုးသက်နုချိန်တွင် စိုက်ပျိုးရသဖြင့် အပင်ပွားနှုန်း ကောင်းမွန်ပြီး စပါးအထွက်နှုန်း တိုးပွားကာ တောင်သူများအနေဖြင့် ဝင်ငွေပိုမိုတိုးတက်ရရှိလာမည် ဖြစ်ကြောင်းသိရှိရသည်။
ကျောက်ဆည်မြို့နယ်စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် တောင်သူများ လူမှုစီးပွားဘဝမြှင့်မား တိုးတက်စေရေးအတွက် ခေတ်မီစက်ကိရိယာစက်များဖြင့် လယ်များထွန်ယက်ခြင်း၊ သီးနှံရိတ်သိမ်း ချွေလှေ့ ခြင်း၊ ကောက်စိုက်စက်ဖြင့် စပါးများ စိုက်ပျိုးခြင်း စသည့် ဝန်ဆောင်မှုများဆောင်ရွက်ပေး နေသည့်အပြင် တောင်သူများ စိုက်ပျိုးရေးသုံးစက်ကိရိများအသုံးပြုရာတွင် အဆင်ပြေစေရေး ကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
တင်တင်ထွေး