မြဝတီမြို့၌ သောင်ရင်းမြစ်ရေမြင့်တက်ပြီး အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးမှုဖြစ်ပွားသဖြင့် လူဦးရေ ၁၄၀၀ ကျော် ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့

မြဝတီ ဇူလိုင် ၂၇

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့သည် သောင်ရင်းမြစ်နှင့် နယ်နိမိတ်ပိုင်းခြားထားပြီး ယမန်နေ့ ညပိုင်းက မိုးသည်ထန်စွာ ရွာသွန်း၍ အဆိုပါ သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၉၆၃)စင်တီမီတာကို ကျော်လွန်ကာ မြစ်ရေလျှံတက်ပြီး အနိမ့်ပိုင်းနေရာများတွင် ရေကြီးမှုဖြစ်ပွားခဲ့သည်။

ထိုသို့ သောင်ရင်းမြစ်ရေ မြင့်တက်ခဲ့သည့်အတွက် အမှတ် ၁ ၊ အမှတ် ၂ ၊ အမှတ် ၄ နှင့် အမှတ် ၅ ရပ်ကွက် များရှိ အနိမ့်ပိုင်းနေရာများတွင်  ရေကြီးမှုဖြစ်ပွားကာ အိမ်ခြေ ၃၂၃ အိမ်၊ အိမ်ထောင်စု ၃၂၃ စုမှ ကျား ၆၉၈ ဦး၊ မ ၇၇၁ ဦး၊ စုစုပေါင်း လူဦးရေ ၁၄၆၉ ဦးတို့သည် ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

အဆိုပါရေကြီးမှုဖြစ်ပွားခဲ့သည့် နေရာများမှ ပြည်သူများအား ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့ပေး နိုင်ရေး အတွက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်။

ယခုလက်ရှိ မြဝတီမြို့တွင် ရေဘေးရှောင်စခန်း ၁၀ နေရာကျော် ဖွင့်လှစ်ထားရှိပြီး ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများအား တာဝန်ရှိသူများမှ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။ အဆိုပါ ရေဘေးရှောင် စခန်းများသို့ ယမန်နေ့ညပိုင်းက ရောက်ရှိခဲ့သည့် အိမ်ထောင်စု ၁၄၁ စုမှ လူဦးရေ ၇၁၃ ဦး တို့အတွက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးတင့်က ဆန် ၅၉ အိတ်နှင့် ၄ ပြည်၊ ကြက်သွန်နီတို့ကို ထောက်ပံ့ပေးခဲ့ပြီး ကျန်အိမ်ထောင်စုများလည်း ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိန်လင်းအောင်