ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် တက်ကြွစွာကူညီဆောင်ရွက်လျှက်ရှိသည့် ပရဟိတအဖွဲ့ဝင်များအား ထောက်ပံ့ငွေလှူဒါန်းပေးအပ်

ကော့သောင်း ဇူလိုင် ၂၇ ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးနှင့်အရေးပေါ်လုပ်ငန်းများတွင် တက်ကြွစွာ ဆောင်ရွက်ပေးလျှက်ရှိသည့် မြို့၏အမာခံ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွှေအဏ္ဏဝါ ပရဟိတအဖွဲ့ဝင်များအား မြို့မိ/မြို့ဖစေတနာရှင် မိသားစုက ယမန်နေ့က ကူညီထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ဖြစ်ပွားမှုဖြစ်စဉ်တစ်လျှောက် နေရာမရွေးပိုးသတ်ဆေးဖြန်းခြင်း၊ ပိုးတွေ့လူနာများအား ဝေးလံခေါင်ဖျားသည့်အရပ်မှ ကျန်းမာရေးဌာနသို့ ရောဂါထိန်းချုပ်နိုင်ရေး အချိန်နှင့် တစ်ပြေးညီ သယ်ယူပို့ဆောင်ပေးခြင်း၊ ပြန်လည်ကျန်းမာလာသူများအား ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခြင်းနှင့် ရောဂါကြောင့်သေဆုံးသူများအား ပို့ဆောင်ကူညီ သဂြိုလ်ပေးခြင်းစသည့်လုပ်ငန်းများတွင် ရောဂါကူးစက်မှုမြင့်တက်နေသည့်ကြားမှ တက်ကြွစွာ ကူညီဆောင်ရွက်ပေးလျှက်ရှိသဖြင့် ၎င်းတို့မိသားစုများ စားဝတ်နေမှု တစ်ဖက်တစ်လမ်းမှ အဆင်ပြေကြစေရန်ရည်ရွယ်ကာ ပရဟိတအဖွဲ့ဝင်များအား ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ တိုင်းရင်းမြန်မာဆေးဆိုင်ပိုင်ရှင် ဦးကျော်ကျော်စိုး+ဒေါ်စောယုမေ မိသားစုမှ တစ်ဦးလျင် ၅၀၀၀၀/- ကျပ်နှုန်းဖြင့် ငွေ(၁၀)သိန်းကျပ်နှင့် ရွှေအဏ္ဏဝါ ပရိတယာဉ်လောင်စာ ဆီဝယ်ယူဖြည့်တင်းရန်အလှူငွေကျပ် တစ်သိန်းတို့ကို လှူဒါန်းပေးအပ်ခြင်း ဖြစ်သည်။ အဆိုပါ ပရဟိတဘော်လံတီယာအဖွဲ့များအနေဖြင့် မြို့နယ်အတွင်း ကျန်းမာရေးကိစ္စများ၊ အရေးပေါ်ကိစ္စရပ်များနှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ရှေ့တန်းမှ စွမ်းစွမ်းတမံ လိုက်ပါကူညီဆောင်ရွက်ပေးလျှက်ရှိပြီး ကော့သောင်းမြို့တွင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အပါအဝင် စေတနာရှင်အလှူရှင်များ ပံ့ပိုးကူညီလှူဒါန်းမှုနှင့် Ambulance မော်တော်ယာဉ်များဖြင့် ရပ်ကွက်အလိုက် ဖွဲ့စည်းထားသည့် စေတနာ့ဝန်ထမ်း ဘော်လံတီယာပရဟိတအဖွဲ့ပေါင်း (၈)ဖွဲ့ခန့်ရှိကြောင်းလည်း သိရသည်။ ကျော်စိုး (ကော့သောင်း)