ထားဝယ် ဇူလိုင် ၂၆
မြန်မာနိုင်ငံအတွင်းမျိုးရိုးဗီဇပြောင်းလဲလာသော ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုများပြားလာသဖြင့် ကူးစက်ခံရသူ အရေအတွက် နေ့စဉ်မြင့်တက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးနှင့်ပတ်သက်၍ ထားဝယ်မြို့၊ ထားဝယ်ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ယခုလိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ဖြေ။ ထားဝယ်ဆေးရုံကြီးအနေဖြင့် ပုံမှန်ဆေးရုံသို့ နာမကျန်းဖြစ်၍ တက်ရောက်လာသည့် လူနာများမှ ရောဂါ သံသယ လက္ခဏာများရှိနေရင် စစ်ဆေးပါတယ်။ စစ်ဆေးစမ်း သပ်မှုကြောင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့ လူနာများ၊ ရောဂါ သံသယရှိသဖြင့်ဆေးရုံသို့တက်ရောက်ကုသသည့်လူနာများနှင့် ကိုဗစ်စင်တာ တို့မှ အောက်ဆီဂျင်(၉၀%)အောက် ရောက်နေပြီးရောဂါအခံရှိပြီး အသက်အရွယ်ကြီးတဲ့ သူများကို ကုသရေးဦးစီးဌာန၏ညွှန်ကြားချက် နှင့်အညီ သီးသန့်လူနာဆောင်များမှာ ကုသမှုပေးလျက်ရှိပါတယ်။
မေး။ ပြည်သူ့ဆေးရုံတွင်ရှိသည့်လူနာဆောင်အသီးသီးတို့၌ဆေးကုသပေးနေမှုအခြေအနေကို သိပါရစေ။
ဖြေ။ မတ်လ(၁၆)ရက်နေ့ကစတင်၍ပြန်လည်ဖွင့်လှစ်နေတဲ့ ထားဝယ်ပြည်သူ့ဆေးရုံကြီး လူနာဆောင်များ အားလုံးတို့မှာ လက်ခံကုသပေးပါတယ် ။သို့သော်လည်း ယခုအခါ ကိုဗစ်-၁၉ အသည်းအသန်လူနာများဆေးရုံတက်ရောက်မှု များပြားလာတဲ့ အခြေအနေမှာ ဝန်ထမ်းအခက်အခဲကြောင့် သားဖွားမီးယပ်ရောဂါလူနာဆောင်နှင့်ကလေးကုသဆောင်တို့ကို ၅ ထပ်ဆောင်ကြီး၏ ပထမထပ်တွင်လည်းကောင်း၊ ဖျားနာဆောင်၊ ခွဲစိတ်ကုသဆောင်၊ အရိုးကုသဆောင်၊ စိတ်ကျန်းမာရေးကုသဆောင်၊ အရေပြားရောဂါဌာန၊ သွားနှင့်ခံတွင်း ကုသဌာနတွေကို အရေးပေါ်ဌာန ၂ ထပ် လူနာဆောင်တွေမှာလည်းကောင်း လူနာများကို နေ့စဥ်လက်ခံကုသပေးလျက်ရှိပါတယ်။
မေး။ ထားဝယ်ခရိုင်အတွင်း အောက်ဆီဂျင်ရရှိမှုအခြေအနေများနှင့်အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ပေးနေမှုအခြေအနေသိပါရစေ။
ဖြေ။ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှာရှိ O2 Plant က ထွက်တဲ့ O2 ထုတ်လုပ်မှု မလုံလောက်တဲ့အတွက် အာယုဒါနအရေးပေါ် အောက်ဆီဂျင်လှူဒါန်းရေးအဖွဲ့ နဲ့ချိတ်ဆက် ဆောင်ရွက်နေပါတယ်။ အဲ့ဒီအဖွဲ့အနေနဲ့ကလည်း ဆေးရုံမှာ လိုအပ်တဲ့ O2 ကို တာဝန်ယူပြီး အင်တိုက်အားတိုက်လှူဒါန်း လဲလှယ်ပေးလျက်ရှိပါတယ်။ ကိုဗစ်-၁၉ လူနာများဆေးရုံတက်ရောက်မှုများပြားလာတဲ့အတွက် O2 ထုတ်စက်ကို တင်ပြတောင်းခံထားရာ မှာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ဦးဆောင်မှုဖြင့် အလှူရှင်တွေ လှူဒါန်းတဲ့ နေရာ(၂)နေရာက တစ်နာရီမှာ ၄၀ လီတာအိုး ၄လုံး ထုတ်လုပ်ပေးနိုင်မယ့် O2 ထုတ်စက် ၂ လုံးကိုလာမည့် စက်တင်ဘာလ ပထမပတ်တွင် စတင်လည်ပတ်ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။လက်ရှိအချိန်မှာ အလှူရှင်များက အလှူငွေများလာရောက်လှူဒါန်းပေးခြင်းနှင့် အာယုဒါနမှထောက်ပံ့ပေးမှုများဖြင့် O2 လိုအပ်မှုကိုဖြေရှင်းဆောင်ရွက်ပေးနေပါတယ်။
မေး။ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ဖို့အတွက် ပြည်သူများကို အသိပေးလိုသော လက်ဆောင်စကားလေး သိပါရစေ။
ဖြေ။ ပြည်သူများ အပြင်ထွက်သည့်အခါတိုင်း Mask တပ်ကြပါ၊ ရေနှင့် ဆပ်ပြာဖြင့် လက်ကိုမကြာခဏဆေးပါ၊ တစ်ဦး နှင့် တစ်ဦး ၆ ပေအကွာတွင်နေထိုင်ပါ ၊ Mask စနစ်တကျတပ်ဆင်ပါ၊ ဖျားနာခြင်းအနံ့ပျောက်ခြင်းများ ဖြစ်ပေါ်လာပါက မိမိအိမ်တွင် နေထိုင်၍ သက်ဆိုင်ရာတာဝန်ရှိသူများထံအကြောင်းကြားရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာကြပါလို့ ပြောပါရစေရှင်။
(ထားဝယ်ခရိုင်ပြန်/ဆက်)