တုံတာ ဇူလိုင် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းတွင် ဌာနဆိုင်ရာ အဖွဲ့ အစည်းများက မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်ခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့ကျန်းမာရေးဦးစီးဌာန၊ နယ်မြေမီးသတ်စခန်းနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါဆိုးကြီးသည် လျှင်မြန်စွာ ကူးစက်ပြန့်ပွားမှု ဖြစ်နေ သဖြင့် လူအများဒုက္ခဆင်းရဲများ ဖြစ်ကြပြီး သေဆုံးမှုမြင့်မားလျက်ရှိကြောင်း၊ ထိုသို့ ကူးစက် ဖြစ်ပွား နေမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ ကိုဗစ်-၁၉ရောဂါဆိုးကြီးကို အချိန်တိုအတွင်း ကာကွယ်နိုင်မှာ ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ နေထိုင်စေရေးတို့ကို အသိပေး နှိုးဆော်ခဲ့သည်။
ထို့အပြင် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ထွက်ခွာခြင်းမပြုကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ မိမိတို့နေအိမ်တွင် ပြင်ပမှ ဧည့်သည်များ လက်မခံရန်၊ မိမိတို့အနေဖြင့်လည်း အခြားသူများထံသို့မသွားကြရန်၊ သက်ကြီးရွယ်အို များနှင့် အခြားရောဂါအခံရှိသူများအနေဖြင့် အထူးဂရုစိုက်ကြရန်၊ မကြာခဏ လက်ကို ဆပ်ပြာနှင့် စနစ်တကျဆေးကြောရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများ သို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန်စသည့်ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်များကို စနစ်တကျလိုက်နာကြရန် ရှမ်းဘာသာ၊ အာခါဘာသာတို့ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
လှိုင်လှိုင်ငြိမ်း