ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ အခမဲ့ စမ်းသပ်စစ်ဆေးနိုင်မည့် Test Center (၄) နေရာ ဖွင့်လှစ်ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဒေသခံမိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါ အခမဲ့ စမ်းသပ် စစ်ဆေးနိုင်မည့် Test Center များ တိုးမြှင့်ဖွင့်လှစ်ဆောင်ရွက်မှုကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ‌ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ဝင်းတင့်၊ အဖွဲ့ဝင်(၄)  ဦးဇော်ဝင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိ သူများ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူများသည်  မင်္ဂလာဒုံမြို့နယ် ကျိက္ကလဲ့ သာသနာ့ ဗိမာန်၌ ဖွင့်လှစ်ထားသော   (Test Center) သို့ ရောက်ရှိစဉ်  မင်္ဂလာဒုံ၊ တပ်မတော်ကုတင် (၅၀၀) ဆေးရုံ မှ အရိုးရောဂါအထူးကု ဆေးရုံအုပ်ကြီး ဗိုလ်မှူးချုပ် လှအောင်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းနှင့် Test Center မှ တာဝန်ခံတို့ က ရှင်းလင်းတင်ပြခဲ့ရာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး နှင့် တာဝန်ရှိသူများသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၁၀၆) ရပ်ကွက်၊ လှော်ကားလမ်းနှင့် ရိုးမရိပ်သာလမ်းရှိ  အောင်မြင့်မိုရ်ဓမ္မာရုံနှင့်   ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြို့ဦးစေတီရှိ ဓမ္မာရုံ တို့၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ရောဂါရှာဖွေ ရေးဌာန  (Test Center) ဖွင့်လှစ်ဆောင်ရွက်မည့် နေရာများသို့ သွားရောက် ကြည့်ရှု ခဲ့ပြီး အဆိုပါ စင်တာများတွင် တာဝန်ထမ်းဆောင်ကြမည့်  ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ သန်လျင်မြို့နယ်ရှိ မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်၌  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲနမူနာစမ်းသပ်စစ်ဆေးသည့် (Test Center) သို့ သွားရောက်ခဲ့သည်။ အဆိုပါ  Test Center သို့ ရောက်ရှိစဉ်  ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ ဒုတိယဌာနချုပ်မှူး ဗိုလ်မှူးချုပ်  ကျော်ကျော်ထူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲနမူနာစမ်းသပ်စစ်ဆေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

မင်္ဂလာဒုံမြို့နယ် ကျိက္ကလဲ့သာသနာ့ဗိမာန်တော် နှင့် သန်လျင်မြို့နယ် မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်တို့၌ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲနမူနာ တိုးမြှင့်စမ်းသပ် စစ်ဆေးနိုင်ရေး အတွက် ကာကွယ်ရေးဝန်ကြီးဌာနဆေးဝန်ထမ်းတပ်ဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး၊  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အောင်မြင့်မိုရ်ဓမ္မာရုံနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြို့ဦး စေတီ Test Center များတွင် ကျန်းမာရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း၊ အဆိုပါ Test Center များအားလုံးတွင် လိုအပ်သော PPEနှင့် Test Kit များ ရရှိနိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ အခက်အခဲများ လျော့နည်းစေရေး အတွက်  ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ အခမဲ့ ရှာဖွေစမ်းသပ်စစ်ဆေးပေးနိုင်မည့် Test Center ၄ နေရာ အား ထပ်မံတိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဆက်လက်၍  ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးအစည်းအဝေးခန်းမတွင်  ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်၍ ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါများ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရေး၊ ဆေးရုံနှင့် စင်တာများ၊ ပရဟိတအဖွဲ့များအား အောက်ဆီဂျင်ထောက်ပံ့ရေးနှင့် အခြားလိုအပ်ချက်များ ကူညီ ထောက်ပံ့ပေးနိုင်ရေး၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရေး အတွက် ဆွေးနွေးခဲ့ကြောင်းသိရသည်။  

နိုင်လင်းကျော်(IPRD)