ပင်လုံ ဇူလိုင် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့နည်းစေရေးအတွက် ယမန်နေ့ မွန်းလွှဲပိုင်းအချိန်က လမ်းမတော်လမ်းတစ်လျှောက်၌ ရှမ်း၊ ပအိုဝ်း၊ မြန်မာ (၃)ဘာသာဖြင့် အသိပေး နှိုးဆော်ချက်များအား လှည့်လည်ကြေညာပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ပင်လုံမြို့ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုကော်မတီဒု-ဥက္ကဋ္ဌ ဦးလောယုံနှင့်အဖွဲ့ဝင်များ၊ ပင်လုံမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပင်လုံမြို့စာတိုက်မှူး၊ မြို့နယ်မီးသတဦးစီးဌာနမှဝန်ထမ်းများက ပင်လုံမြို့ ရပ်ကွက်များအတွင်းသို့ လှည့်လည်ကာ အသံချဲ့စက်များဖြင့် မိမိတို့နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဆိုးသည် လျင်မြန်စွာ ကူးစက်ပျံ့ပွားမှုဖြစ်နေပါသဖြင့် လူအ များ ဒုက္ခဆင်းရဲများဖြစ်ကြပြီး သေဆုံးမှုမြင့်မားလျက်ရှိပါကြောင်းနှင့် ထိရောက်စွာကုသထိန်းချုပ်နိုင်ရန် အလွန် အရေးကြီးနေပြီး ပြည်သူများက ပူးပေါင်းဆောင်ရွက်မှသာ အဆိုပါရောဂါကြီးကို လျင်မြန်စွာအချိန်တိုအတွင်း ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ သို့ဖြစ်၍ မိဘပြည်သူများအနေဖြင့် လက်ရှိအခြေအနေတွင် အိမ်တွင်း၌သာ နေထိုင်ကြ ရန်၊ သို့မှသာ ရောဂါကွင်းဆက်ပြတ်တောက်မှာဖြစ်ကြောင်း၊ မိမိတို့အိမ်တွင် ပြင်ပမှလာသောဧည့်သည်များ လက်မခံ ရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်ရန်၊ အခြားသူများနှင့် အနည်းဆုံး(၆)ပေအကွာမှ ခပ်ခွာခွာနေရန်၊ (Mask)မတပ်သူများနှင့် တွေ့ဆုံစကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကျည်ရန်၊ လူစုလူဝေးဖြင့်သွားလာခြင်းကို ရှောင်ကျည်ရန်၊ တစ်ခုခု ကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးရန်နှင့် မကြာ ခဏလက်ဆေးရန်၊ လက်မဆေးခင် ပါးစပ်၊ နှာခေါင်း နှင့်မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ထိတွေ့ခြင်း မပြုလုပ်ရန်၊ လေဝင်လေထွက် မကောင်းသောအခန်းများကို ရှောင်ရန်၊ မိမိတို့နေအိမ်များကို ပြူတင်းတံခါးများဖွင့်ပြီး လေဝင်လေ ထွက်ကောင်းအောင်ပြုလုပ်ရန်၊ အပြင်ထွင်ရာမှ ပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့်တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များကို အပြင်တွင် စွန့်ပစ်ရန်၊ အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြရန်၊ ရောဂါကူးစက်ခံရပြီဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ သွားရောက်ပြီး ဆေးကုသမှုခံယူကြပါရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ အတိုင်း မပျက် မကွက် လိုက်နာကြရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင် ရေးအတွက် ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြပါရန်တို့ကို (ရှမ်း၊ ပအိုဝ်း)၊ မြန်မာ)ဘာသာစကားများဖြင့် အသိပေးနိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပင်လုံမြို့ ပြန်/ဆက်