ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးအပါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ဟားခါး      ဇူလိုင်    ၂၇

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ဟားခါးမြို့ ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကောင်စီဉက္ကဌ ဦးငွန်ဆန်းအောင်က အမှာစကားပြောကြားရာတွင် မကြာမီ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံ ပေးသွား မည်ဖြစ်သည့်အတွက် ကာကွယ်ဆေးထိုးရာတွင် ကူညီပံ့ပိုးမည့်အဖွဲ့ကို စီမံဆောင်ရွက်ပေး ရန်လိုကြောင်း၊  ကိုဗစ်-၁၉ ကာကွယ်ဆေး ဦးစားပေးကဏ္ဍအလိုက် ထိုးနှံနိုင်ရေး စာရင်းကောက် မည့်လုပ်ငန်းများတွင် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်းဖြင့် အမှာစကားပြော ကြားသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးဟန်ဝင်းအောင်နှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနိုင်ရေးအတွက် မြို့နယ်အလိုက် အသက်(၆၅)နှစ်နှင့်အထက်ရှိသူစာရင်း၊ အစိုးရ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ စာရင်း၊ Volunteer/ ပရဟိတများအတွက်စာရင်း၊ ဘိုးဘွားရိပ်သာများ အတွက်စာရင်း၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ အတွက် စာရင်း၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများစာရင်း၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံဝန်ထမ်းများစာရင်း၊ ဟိုတယ်/ မိုတယ်/တည်းခိုခန်းများအတွက် စာရင်း၊ အကျဉ်းသား/အချုပ် သားများအတွက်စာရင်း၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းများအတွက် စာရင်း၊ စူပါမားကတ်/စျေးများအတွက် စာရင်းကောက်ယူရေး ကိစ္စများအတွက် စာရင်းပြုစုရာတွင် လိုက်နာရမည့်အချက်များ၊ စာရင်းကောက်ယူမည့်ဝန်ထမ်း များ သင်တန်းပေးမည့် အခြေအနေ စာရင်းကောက်ယူရာတွင် စာရင်းဇယား မှန်ကန်ရေးအတွက် တာဝန်ရှိ သူအဆင့်ဆင့်က သေချာစိစစ်ကြရန်တို့ကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက် လာကြ သည့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိကဏ္ဍအလိုက် စာရင်းကောက်ယူမည့် အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် တင်ပြချက်များအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ဖြည့်စွက် ဆွေးနွေးကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌက ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်တွင် မေလ ၁၉ ရက်မှ ဇူလိုင်လ ၂၅ ရက်နေ့အထိ RDT ဖြင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးသူ (၁၃၅၄၆)ဦး၊ ပိုးတွေ့ရှိသူ (၂၈၁၉)ဦး၊ သေဆုံးသူ (၉၉)ဦး၊ ပြန်လည်ကျန်းမာ၍ ဆေးရုံဆင်းခွင့်ရသူ (၂၁၄၇)ဦး ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦးထံမှသိရသည်။

  ခရိုင်(ပြန်/ဆက်)