မြဝတီမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရန် စာရင်းကောက်ယူရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မြဝတီ ဇူလိုင် ၂၇

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ် ဆေးထိုးပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စုပေါင်းရုံအစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ယခု ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်မားနေသည့် ကာလဖြစ်သည့်အတွက် တစ်ဖက်ကလည်း ကာကွယ်ဆေး ထိုးနှံသည့် လုပ်ငန်းကို ဦးစားပေး အနေနဲ့ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေး ထိုးသင့်သူများ ကာကွယ်ဆေး ထိုးခွင့်ရရှိစေရေး အတွက် စာရင်းကောက်ယူရေးလုပ်ငန်းသည်လည်း အရေးကြီးသည့်အတွက် အားလုံး ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာသည့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက စာရင်းကောက်ယူရေးဆိုင်ရာများအား ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြ သည်။

ထိုသို့ စာရင်းကောက်ယူရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း မပြုရသည့် ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီး သူများ၊ တစ်လအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူများ၊ ရောဂါလက္ခဏာ ရှိသူများ၊ အသက် ၁၈  နှစ်အောက်များအား စာရင်းကောက်ယူသွားမည် မဟုတ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

ထိန်လင်းအောင်