ဘားအံ ဇူလိုင် ၂၇
ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးနှင့် အဖွဲ့သည် ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်း က ဘားအံပညာရေးဒီဂရီကောလိပ်၊ ကြာအင်းဆောင်အား ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာများကုသရေးစင်တာ အဖြစ် ဖွင့်လှစ်နိုင်ရေး သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့သွားရောက်ကြည့်ရှု့စစ်ဆေးရာတွင် ဘားအံခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဘားအံပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးတို့က ကုသရေး စင်တာအဖြစ် ဖွင့်လှစ်နိုင်ရေး ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လူနာများထား ရှိမည့် ကြာအင်းဆောင် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ရေ၊ မီး၊ ရေချိုးခန်း၊ သန့်စင်ခန်းနှင့် အမှိုက်စွန့်စနစ်များ စနစ်တကျ စီမံဆောင်ရွက်ပေးနိုင်ရေး၊ အင်တာနက်(Wifi) များ တပ်ဆင်အသုံးပြုသွားနိုင်ရေး၊ စေတနာ့ဝန်ထမ်း များနှင့် ကုသရေးအတွက် ကျန်းမာရေးဝန်ထမ်းများ တာဝန်ချထားပေးနိုင်ရေး တို့ကို လမ်းညွှန်မှာကြား ခဲ့ပြီး စင်တာဆောင်ရွက် မည့် အဆောင်အား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့သည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကုတင်(၅၀)ဆံ့ ဘားအံ တိုင်းရင်းဆေးရုံ ကိုဗစ် ကုသရေးစင်တာသို့ သွားရောက်ပြီး ကုသရေးလုပ်ငန်းများဆောင်ရွက် ပေးနေသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြားကာ အဆိုပါစင်တာ၌ Oxygen Plant တည်ဆောက် ပေးနိုင်ရေးမြေနေရာ နှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် သံဃာတော်များအား အထူးကြပ်မတ်ကုသမှုပေးနိုင်မည့် စင်တာတို့ကို ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ဘားအံမြို့ ကမ်းနားလမ်း၌ သံလွင်မြစ်ရေ တိုးလားမှု အခြေအနေအား သွားရောက်ကြည့်ရှု့ခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ပွားလာပါက ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်သွားနိုင်ရေး လမ်းညွှန် မှာကြားကာ ဘားအံမြို့မဘောလုံးကွင်းအား အဆင့်မြင့်တင်ဆောင်ရွက်ပေးသွားနိုင်ရေး ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)