တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ Quarantine center များတွင် အသုံးပြုရန် Cardboard Bed ကတ္ထူဂျပ်ဖာ ကုတင် အလုံး (၅၀၀) ကော့သောင်းမြို့ရွှေဝက်ဝံဆိပ်ခံတံတားသို့ရောက်ရှိ

ကော့သောင်း  ဇူလိုင်  ၂၇

 

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ Quarantine center များတွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ကုသရေး လုပ်ငန်းများ၌အသုံးပြုရန် ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့်  Cardboard Bed ကတ္ထူ ဂျပ်ဖာ ကုတင် အလုံး (၅၀၀) ရေလမ်းခရီးဖြင့် ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ ရွှေဝက်ဝံဆိပ်ခံတံတားသို့ရောက်ရှိ ရောက်ရှိလာကြောင်းသိရသည်။

Cardboard Bed ကတ္ထူဂျပ်ဖာကုတင် ရောက်ရှိလာမှုနှင့် လှေပေါ်မှတဆင့် မော်တော်ယာဉ်များ ပေါ်သို့ စနစ်တကျတင်ဆောင် နေမှုအခြေအနေများအား စစ်ဗျူဟာအဖွဲ့ (အခြေချ) (ကော့သောင်း) စစ်ဗျူဟာမှူး၊ ဗိုလ်မှူးကြီး အောင်ဇော်လင်း၊ ကော့သောင်းခရိုင်၊ စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ချို၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ရွှေဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လာရောက် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တိုင်းအတွင်းသက်ဆိုင်ရာမြို့နယ်များသို့ အမြန်ဆုံးပို့ဆောင်ပေးနိုင်ရန် လိုအပ်သည့် လမ်းညွှန်ပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

Cardboard Bed ကတ္ထူဂျပ်ဖာ ကုတင် အလုံး(၁၀၀၀)အား ကော့သောင်းမြို့၊ Grand Andaman Co.Ltd သူဌေးကျွန်းအပန်းဖြေဟိုတယ်မှ လှူဒါန်းခြင်းဖြစ်ရာ ထိုင်းနိုင်ငံရ နောင်းမြို့မှတဆင့် မှာယူတင်သွင်းကာ ယခုပထမအကြိမ်အနေဖြင့် ကုတင်(၅၀၀)လုံး ရောက်ရှိ လာခြင်းဖြစ်ကြောင်း၊ မှာယူထားသည့် ကျန်ကုတင်များ အမြန်ဆုံးရောက်ရှိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

၎င်းကုတင်များအား တပ်မတော်ယာဉ်များဖြင့် ဇူလိုင်လ၂၇ရက်နေ့တွင် သက်ဆိုင်ရာမြို့နယ် များသို့ ဆက်လက်ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)