ရပ်စောက်မြို့၌ Stay at home ကာလအတွင်းသတ်မှတ်ထားသည့်စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ကြရန်အသိပေးနှိုးဆော်

ရပ်စောက်        ဇူလိုင်   ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် Stay at home ကာလအတွင်း သတ်မှတ်ထားသည့်စည်းကမ်းချက်များအား ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်နိုင်ရန် ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြသည်။

ထိုသို့အသိပေးနှိုးဆော်ရာတွင် ရပ်စောက်မြို့နယ်သည် Stay at home အစီအစဉ်တွင် အကျုံးဝင် သောမြို့ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် မိမိအိမ်တွင်း၌သာနေထိုင်ကြရန်၊ မဖြစ်မနေ ဈေးဝယ်ထွက် ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာသွားရောက်ရန်၊ ဆေးရုံဆေးခန်းသွားရောက်ရန်လိုအပ်ပါက တစ်အိမ် လျှင်နှစ်ဦးသာသွားရောက်ရန်၊ နေအိမ်ပြင်ပသို့ထွက်ခွာပါက ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင် သွားလာကြရန်၊ တာဝန်ထမ်းဆောင်ရန်သွားလာသည့် ယာဉ်များနှင့် ဖြတ်သန်းသွားလာခွင့်ပြုထားသော ယာဉ်များကိုသာရပ်ကွက်ကျော်လွန်သွားလာခွင့်ပြုရန်၊ မြို့နယ်အတွင်းကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့ စေရေးအတွက် ကုန်တင်ယာဉ်များသွားလာမှုကို စံသတ်မှတ်ချက်များအတိုင်းလိုက်နာဆောင်ရွက်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ကြရန် စသည့်စည်းကမ်းချက်များကို မြို့ပေါ်ရပ်ကွက်များအပြင် ကျေးရွာများအရောက် အသိပေးနှိုးဆော်ခဲ့ကြပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ထို့အပြင် အသိပညာပေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်းကို  မြို့တွင်း လူစည်ကားရာနေရာများနှင့် ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေး ရပ်ကွက်နေ ပြည်သူများ လိုက်နာရမည့်စည်းကမ်းချက်များနှင့် ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူများပူးပေါင်းဆောင်ရွက်ကြရန် ပူးပေါင်းအဖွဲ့များဖြင့် နေ့စဉ်မပြတ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရဲထက်ဦး