ကြာအင်းဆိပ်ကြီးမြို့၌ မိုးအဆက်မပြတ်နေ့စဉ်ရွာသွန်းမှုကြောင့် ဇမိမြစ်ရေလျှံကာ လူနေအိမ်များသို့ရေများ ဝင်ရောက်ပြီး ရေဘေးရှောင်စခန်းသို့ ယာယီပြောင်းရွေ့

ကြာအင်းဆိပ်ကြီး ဇူလိုင် ၂၆

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဇူလိုင်(၁၈)ရက်နေ့မှ စတင်ကာ ယနေ့အချိန်ထိ မိုးစဉ်ဆက်မပြတ်နေ့ စဉ်ရွာသွန်းနေမှုကြောင့် ဇမိမြစ်အတွင်း သို့စီးဝင်သည့် ချောင်းလက်တက်များ ရေလျှံခြင်းနှင့်၊ ဇမိမြစ်ရေလျှံခြင်းဖြစ်ပေါ်လျက်ရှိပြီး မြစ်ကမ်းနဘေးလူနေအိမ်များနှင့် မြေနိမ့်ပိုင်းရှိ  လူနေအိမ်များအတွင်းသိူ့ ရေများဝင်ရောက်  လျက်ရှိပြီး နေအိမ်များနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါရေကြီးရေလျှံမှု ဖြစ်ပေါ်ခြင်းကြောင့် ကယ်ဆယ်ရွှေ့ပြောင်းခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့မှ ကြီးကြပ်စီမံဆောင်ရွက်လျက်ရှိပြီး ဌာနဆိုင်ရာ တာဝန်ရှိသူ များ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များနှင့်လူမှုရေးအသင်းအဖွဲ့များမှ ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါ စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ ရေဘေးရှောင်ပြည်သူများအား အ‌ချိန်နှင့် တစ်ပြေးညီ ရေဘေးရှောင်စခန်းသို့ ကယ်ဆယ်ရွှေ့ပြောင်းပေးလျက်  ရှိကြောင်း သိရသည်။

အဆိုပါရေကြီးနစ်မြုပ်မှုကြောင့် ရေဘေးရှောင်ပြည်သူ အိမ်ထောင်စု(၅၃)စုအား ယနေ့ နံနက်ပိုင်းက ရေဘေးရှောင်စခန်းရှိရာ အမှတ်(၆)ရပ်ကွက်ရှိ ဆိုင်ကလုံးစင်တာနှင့် ဆွေမျိုး နီးစပ်ရာအိမ်များသို့ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့် ပြောင်းရွှေ့နေရာ ချထားပေး လျက်ရှိပြီး ယနေ့ဇူလိုင်(၂၆)ရက်နေ့အထိ ရေဘေးရှောင်ပြည်သူ အိမ်ထောင်စု (၁၄၁)စု ပြောင်းရွှေ့ခဲ့ပြီးဖြစ်ကြောင်း ရှောင်ဘေးရှောင်ပြည်သူများ  အဆင် ပြေစွာ နေထိုင်စားသောက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ် စီမံ ဆောင်ရွက်လျက်ရှိပြီး အမှတ်(၅)ရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံတွင် ရေဘေးရှောင် အလှူခံဌာန တစ်ခုအားဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဇမိမြစ်ရေသည် မိုးအဆက်မပြတ် ဆက်လက်ရွာသွန်း နေမှုကြောင့် မြစ်ရေတိုးပွားမြင့်တက်လာလျက်ရှိကာ ဇမိမြစ်ရေ၏ သတ်မှတ်စိုးရိမ်ရေအမှတ် (၃၅)ပေမှ ပေ(၃၀)အထိမြင့်တက်လျက်ရှိရာ စိုးရိမ်ရေအမှတ် ရောက်ရှိ ရန်(၅)ပေခန့် ကျန်ရှိနေကြောင်းသိရသည်။

မျိုးမင်းဦး