လှိုင်းဘွဲ ဇူလိုင် ၂၅
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများ ကျဆင်းလာသဖြင့် မြေနိမ့်ပိုင်းရှိ နေအိမ်များသို့ ရေများ ဝင်ရောက်နေပါသောကြောင့် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ရေဘေးသင့်အိမ်ထောင်စုများအား ပြောင်းရွေ့ နေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မိုးရေချိန်အမှတ် (၉၉၅)စင်တီမီတာရှိပြီး မိုးများအဆက်မပြတ် ရွာသွန်းလာ၍ ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် မြေနိမ့်ပိုင်းတွင် နေထိုင်သော ပြည်သူများ အနေဖြင့် ပြောင်ရွေ့နေထိုင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက အောင်ဆန်းခန်းမ၊ အမှတ်(၃)မူလွန်ကျောင်းနှင့်ကမော့ကချူးကျေးရွာ ဆိုင်ကလုန် စင်တာရှိ နေရာ(၃)ခုတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များနှင့် အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆိုပါနေရာများတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်း လမ်းညွန်ချက်များနှင့်အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရေဘေးသင့်ပြည်သူများ နေထိုင်ဖို့အတွက် လိုအပ်သည်များကိုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)