ရန်ကုန် ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ အမှတ်(၃)တပ်မတော်ဆေးရုံ ကုတင်(၁၀၀) အင်းတိုင် ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ လူနာများကုသရာတွင် အသုံးပြုရန် အောက်ဆီဂျင်စက်သစ်အား ပေးအပ်လှူဒါန်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူများ သွားရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အမှတ်(၃)တပ်မတော်ဆေးရုံ ကုတင်(၁၀၀) တွင် ကိုဗစ်-၁၉ ရောဂါ ကုသမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် အတွက် အလှူရှင် ဦးကျော်နေဝင်း(မိသားစု) မှ ငွေကျပ်သိန်းပေါင်း ၂၂၀၀ တန်ဖိုးရှိ အောက်ဆီဂျင် စက်သစ်အား အဆိုပါ ဆေးရုံဝန်းအတွင်း၌ ပေးအပ်လှူဒါန်းခဲ့ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ က လက်ခံ ရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ဆေးရုံအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာများအား ကုသမှုလုပ်ငန်းများ ဆောင်ရွက် မှု အခြေအနေနှင့် ပတ်သက်၍ ဆေးရုံမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးလှစိုး နှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ညွှန်ကြားခဲ့ကြောင်း သိရသည်။
နိုင်လင်းကျော်(IPRD)