ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် ကာကွယ်ကုသရေး ဆောင်ရွက်ပေးနေမှု အခြေအနေများ ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်နှင့် တွေ့ဆုံမေးမြန်း

ကျောက်ဆည်ဇူလိုင်   ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြည်သူ့ဆေးရုံကြီးနှင့် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများ၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့မှုရှိသူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများအား ရောဂါပြန့်ပွားမှု မရှိစေရေး စနစ်တကျ ဆေးကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေများ၊ ကာကွယ်ရန်နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ပြည်သူများ သိရှိစေရန် ယမန်နေ့ ညနေ၅နာရီက ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယခရိုင် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်နှင့်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး။   လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရမှုအခြေအနေများကို ရှင်းပြပေးစေ လိုပါတယ်၊

ဖြေ။    ကျောက်ဆည်မြို့နယ်မှာ ကိုဗစ်-၁၉ရောဂါနဲ့ပတ်သက်ပြီး ဇွန် ၁ ရက်နေ့မှစ၍ ယနေ့ အထိလူနာပေါင်း (၃၀၀)ဦးဆေးရုံမှာ တက်ရောက်ကုသခဲ့ပြီးတော့ (၃၀)ဦး အသက်သေဆုံး ခဲ့ပါတယ်။ ပထမလှိုင်း၊ ဒုတိယလှိုင်းထက်စာရင် ယခုအခြေအနေက ဖြစ်နှုန်းရောသေနှုန်းရော များပါတယ်။ ပြည်သူများအနေနဲ့ ရောဂါကိုမဖြစ်ခင်က ကြိုတင်ကာကွယ်နေထိုင်ကြတာ ပိုအဆင်ပြေပါ လိမ့်မယ်။

မေး။   ကိုဗစ်-၁၉ရောဂါမဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုတာ ရှင်းပြပေးစေလိုပါတယ် ရှင့်။

ဖြေ။    ကိုဗစ်-၁၉ရောဂါမဖြစ်ခင်က ဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုတော့ Mask တပ်မယ်၊ မကြာခဏ လက်ဆေးမယ်၊ လူစုလူဝေးရှောင်မယ်၊ ဒါတွေကအဓိက လိုက်နာရမည့် ချက်တွေဖြစ်ပါတယ်။ မိမိကိုယ် မိမိရောဂါပိုးရှိတယ်လို့သံသယရှိရင်လည်း နီးစပ်ရာ ကျန်းမာရေး ဌာနကိုသွားရောက်ပြီး ပြသပြီးတော့ ကုသမှုခံယူရမှာ ဖြစ်ပါတယ်။

မေး။   ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသဆောင်ရွက် ပေးနေမှု အခြေအနေများကို ရှင်းပြပေးစေလိုပါတယ်ရှင့်။

ဖြေ။ ကျောက်ဆည်မြို့နယ်အနေနဲ့ ကျောက်ဆည်ခရိုင်ပြည်သူ့ဆေးရုံမှာ  ပိုးတွေ့လူနာတွေကို ရောဂါလက္ခဏာမပြရင် ဆေးရုံမှာမထားဘဲ မြင်စိုင်းခန်းမှာ Positive Centre ဖွင့်ပြီးတော့ ထားရှိကုသနေပါတယ်။ သီးသန့်ဖွင့်ထားတဲ့ အကြောင်းအရင်းကတော့ ရောဂါလက္ခဏာ တွေပေါ်ပေါက်လာရင် အချိန်မီဆေးရုံကြီးကိုလွှဲပြောင်းနိုင်ဖို့ Positive Centre မှာဆရာဝန် (၂)ဦးနဲ့ကျန်းမာရေးမှူး(၁)ဦးကိုတာဝန်ချပြီး ဆောင်ရွက်ထားပါတယ်။ အုပ်ချုပ်ရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများလည်းပါပါတယ်။ အဓိကကတော့ပရဟိတအဖွဲ့တွေက စိတ်ပါဝင်စားစွာနဲ့ လစ်ဟာမှုမရှိအောင် ဝိုင်းဝန်းကြိုးစား ဖြည့်ဆည်းဆောင်ရွက်နေကြတာဟာ အားရစရာ ကောင်းပါတယ်။

          မေး။   နောက်ဆုံးအနေနဲ့ ကိုဗစ်-၁၉ရောဂါမဖြစ်ပွားအောင် ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဆရာအနေနဲ့ ဖြည့်စွက်ပြီး ရှင်းပြပေးစေလိုပါတယ်ရှင့် ။

ဖြေ။    ကိုဗစ်-၁၉ရောဂါမဖြစ်ပွားအောင် ကိုယ့်ကိုကိုယ်ရောဂါပိုးရှိတယ်လို့ သံသယရှိတယ်၊ စစ်ဆေးဖို့အတွက် အဆင်မပြေတဲ့နေရာမှာ ရောက်နေတယ်ဆိုရင် သီးသန့်ခွဲနေထိုင်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ယောက်ကိုမကူးတော့ဘဲ ရောဂါကူးစက်မှုကို ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။ အနည်းဆုံး (၁၀)ရက် တတ်နိုင်ရင်(၁၄)ရက်ခွဲနေထိုင် ဖို့လိုအပ်ပါတယ်။ သီးသန့်ခွဲနေထိုင်တာ ဘယ်လိုနေထိုင်ရမလဲ ဆိုတော့ ထမင်းစားရင်တစ်ယောက်ထဲ စားမယ်။ နေရင်လည်းတစ်ယောက်ထဲ အခန်းတံခါးပိတ်နေထိုင်ရပါမယ်။ ပြောစရာရှိရင်လည်း တယ်လီဖုန်းနဲ့ဆက်သွယ်ပြောကြားဖို့လိုပါ့မယ်။ ဒါဆိုရင်ကျန်တဲ့သူ မကူးနိုင်ပါဘူး။ ဒီနည်းနဲ့ ကူးစက်မှုနှုန်း ကျဆင်းသွားမှာဖြစ်ပါတယ်။ နောက်လာမဲ့ကာကွယ်ဆေး ထိုးတာနဲ့ ပေါင်းလိုက် ရင်တော့ ကိုဗစ်-၁၉ရောဂါကို ကောင်းကောင်းကြီးတွန်းလှန်နိုင်မှာဖြစ်ပါတယ်    လို့ ပြောကြားလိုပါတယ်။

တင်တင်ထွေး