လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ကုသရေးလုပ်ငန်းများဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်၍ ဆေးရုံအုပ်ဒေါက်တာနန္ဒာကျော်အား သွားရောက် တွေ့ဆုံမေးမြန်း

လယ်ဝေး ဇူလိုင် ၂၆

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ (၇၉၅)ဦးရှိပြီး ယခုလက်ရှိလယ်ဝေးမြို့ ခုတင် ၁၀၀ဆေးရုံတွင် (၄၄)ဦး၊ အားကစားလေ့ကျင့်ရေးစခန်း(၂) တွင် (၂၅၅)ဦး ဆေးကုသမှုခံယူလျှက်ရှိပါသည်။

လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်ထိန်းချုပ်ကုသပေးနေမှုများနှင့်ပတ်သက်၍ လယ်ဝေးမြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ခုတင်၁၀၀ ဆေးရုံအုပ်ဒေါက်တာနန္ဒာကျော်အား ဇူလိုင် ၂၅ ရက်က သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ မေး- လယ်ဝေးမြို့ အားကစားလေ့ကျင့်ရေးစခန်း အမှတ်(၂)မှာ ကိုဗစ်-၁၉ သံသယလူနာတွေကို စစ်ဆေး ပေးနေမှုနှင့်ပတ်သက်ပြီး သတင်းစကားမျှဝေပေးပါ။ ဖြေ- လယ်ဝေးမြို့ အားကစားလေ့ကျင့်ရေးစခန်း အမှတ်(၂)မှာ မြို့နယ်ကျန်းမာရေးဦးစီးဌာနက Community Based Test Centre for PUI ကို ဇူလိုင်၂၀ရက်ကစပြီးဖွင့်လှစ်ခဲ့ပါတယ်။ ဒီစင်တာမှာတော့ ဖျားတာ၊ အနံ့ပျောက်တာ၊ ချောင်းဆိုးတာစတဲ့ သာမန်လက္ခဏာရှိသူတွေကို နံနက်(၇)နာရီမှာ (၅၀)ဦး၊ မွန်းလွဲ (၂)နာရီမှာ (၅၀)ဦးတို့ကို နေ့စဉ်စစ်ဆေးပေးလျှက်ရှိပါတယ်။ လူစုလူဝေးမဖြစ်စေဖို့အတွက် ဖုန်းနံပါတ် ၀၉-၈၈၀၈၃၇၃၅၃ကို ဆက်သွယ်ပြီး ကြိုတင်စာရင်းပေးသွင်းပြီးမှ စစ်ဆေးရမှာဖြစ်ပါတယ်။ အခုလက်ရှိတော့ နေပြည်တော်ကောင်စီနယ်မြေ (၈)မြို့နယ်အတွင်းကရောဂါမပြင်းထန်တဲ့ သံသယလူနာ များကို စစ်ဆေးပေးလျှက်ရှိပါသည်။ အသက်ရှုကြပ်ခြင်း၊ မောခြင်းစတဲ့ရောဂါလက္ခဏာ ပြင်းထန်တဲ့လူနာ တွေကိုတော့ ဆေးရုံမှာစစ်ဆေးပြီးကုသပေးပါတယ်။ မေး- ဒီပိုးတွေ့လူနာတွေကို ဒေါက်တာတို့အနေနဲ့ ဆေးရုံတွေ စင်တာတွေနဲ့ ဘယ်လိုချိတ်ဆက်ပြီးပို့ပေး ပါသလဲ။ ဖြေ- ပိုးတွေ့လူနာတွေကိုတော့ Positiveဖြစ်ပေမယ် လက္ခဏာမပြင်းထန်တဲ့လူနာတွေကို လယ်ဝေး အားကစားလေ့ကျင့်ရေးစခန်းမှာရှိတဲ့ ပိုးတွေ့စင်တာမှာထားပြီးတော့ လက်ထောက်ဆရာဝန်ဦးဆောင်တဲ့ ဆေးကုသရေးအဖွဲ့ထားရှိပါတယ်။ ဆေးရုံတင်ဖို့လိုအပ်တဲ့လူနာတွေကိုတော့ ရောဂါပြင်းထန်မှုနဲ့ ဆေးရုံ ခုတင်လွတ်ရှိမရှိအပေါ်မူတည်ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာရှိတဲ့ ဆေးရုံများကို လွှဲပြောင်း ပေးပို့ပါတယ်။ မေး- လယ်ဝေးအားကစားလေ့ကျင့်ရေးစခန်း အမှတ်(၂)က ပိုးတွေ့စင်တာမှာ လူဦးရေဘယ်လောက် လက်ခံထားနိုင်ပါသလဲ။ ဖြေ- ဒီစင်တာကို ဇူလိုင်၁၈ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ လက်ခံနိုင်တဲ့လူဦးရေက ကျား၄၀၀၊ မ၂၀၀ဦး စုစုပေါင်း ၆၀၀ဦးအတွက် ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ ဒီနေ့အထိ ကျား ၁၃၃၊ မ၁၂၂၊ စုစုပေါင်း ၂၅၅ဦး လက်ခံထားရှိပါသည်။ မေး- လယ်ဝေးမြို့ ခုတင်၁၀၀ဆေးရုံမှာ Positiveလူနာတွေကို ဆေးကုသပေးနေမှု အခြေအနေသိချင် ပါတယ်။ ဖြေ- လယ်ဝေးမြို့ ခုတင် ၁၀၀ဆေးရုံမှာတော့ ကိုဗစ်လူနာများအတွက် ပိုးတွေ့ ခုတင်(၄၀)နဲ့ သံသယ လူနာအတွက် ခုတင်(၁၀)စုစုပေါင်း ခုတင်(၅၀)ပြင်ဆင်ထားရှိပါသည်။ အခုလက်ရှိ ဆေးရုံမှာကလူနာ (၄၄) ဦးတက်ရောက်နေပါတယ်။ ခုတင်အခြေအနေအရ မြို့နယ်အတွင်းကလူနာများကိုပဲ အဓိကထား ကုသပေး လျှက်ရှိပါတယ်။ ကျန်တဲ့မြို့နယ်များက လူနာတွေကိုတော့ အရေးပေါ်နဲ့ရှေးဦးကုသမှုတွေပေးပြီး အခြေအနေတည်ငြိမ်သွားရင် ဆေးရုံတက်ရောက်ဖို့အတွက် သက်ဆိုင်ရာဆေးရုံများနဲ့ ချိတ်ဆက်ပေးနေပါ တယ်။ မေး- လယ်ဝေးမြို့ ခုတင် ၁၀၀ ဆေးရုံမှာအောက်စီဂျင်လုံလောက်မှုရှိပါသလား။ ဖြေ- ဆေးရုံမှာက အောက်ဆီဂျင်(Wall Point) ၁၀ ခု၊ အောက်ဆီဂျင်အိုး ၄၀လီတာ ၂၂အိုး၊ အောက်ဆီဂျင်စက် ၁၀လုံး ရှိပါတယ်။ ပြင်းထန်ရောဂါဖြစ်ပွားသူများတဲ့အတွက် အရင်ရက်တွေက အောက်ဆီဂျင်မလုံလောက်တဲ့ပြဿနာရှိပါတယ်။ အခုတော့ ဒက္ခိဏသီရိမြို့နယ်က မန်းရှင်အောက်ဆီဂျင် စက်ရုံပြန်လည်ပတ်နိုင်ခဲ့တဲ့အတွက် အောက်ဆီဂျင်အခက်အခဲကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ လယ်ဝေးမြို့နယ် ရဲတပ်ဖွဲ့ကလည်း အောက်ဆီဂျင်အိုးများ သယ်ယူပို့ဆောင်ရာမှာ ကူညီပေးလျှက်ရှိပါတယ်။ မေး- ဒေါက်တာတို့အနေနဲ့ လုပ်ငန်းတွေဆောင်ရွက်ရာမှာ ဘယ်လိုအခက်အခဲ တွေနဲ့တွေ့ကြုံရပါသလဲ။ ဖြေ- အခက်အခဲကတော့ လူနာတွေကို ပြုစုစောင့်ရှောက်တဲ့အခါမှာ ကျန်းမာရေးဝန်ထမ်းအင်အားက နည်းနေတဲ့အတွက် အပြည့်အဝစောင့်ရှောက်မှုမပေးနိုင်ပါဘူး။ ကျွန်မတို့ဆေးရုံမှာ သမားတော်မရှိပါ ဘူး မရှိပေမယ့် Online Viber Groupကနေ လမ်းညွှန်မှုယူပြီးတော့ နေပြည်တော်ခုတင် ၁၀၀၀ဆေးရုံမှ သမားတော်တွေရဲ့လမ်းညွှန်ချက်များအတိုင်း ကုသပေးလျှက်ရှိပါတယ်။ မေး- ဒေါက်တာတို့အနေနဲ့ ဖြည့်စွက်ပြောလိုတာရှိရင်ပြောပေးပါ။ ဖြေ- ပြည်သူတွေအနေနဲ့လက်ဆေးဖို့၊ Maskတပ်ဖို့၊ လူစုလူဝေးမလုပ်ဖို့၊ ခြောက်ပေအကွာနေထိုင်ပြောဆို ကြဖို့ စတဲ့လမ်းညွှန်းချက်တွေကို တစ်ဦးချင်းလိုက်နာမှသာ ရောဂါကူးစက်မှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ မိမိကစပြီး မိသားစုနဲ့ပတ်ဝန်းကျင်ကို ကူးစက်ခြင်းမဖြစ်ရလေအောင် အထူးဂရုပြုပြီး လိုက်နာနေထိုင်ကြပါ တစ်ဦးနှင့်တစ်ဦး ကူညီကြဖို့ ပရဟိတစိတ်ထားကြဖို့အကြံပြုလိုပါတယ်။ အားလုံးကိုဗစ်ကပ်ရောဂါကြီးမှ ကင်းဝေးပြီးကျန်းမာကြပါစေ။

ဝေကြည်စန်းအောင်