သာစည် ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး ၊ သာစည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုနှုန်းအား နေ့စဉ်ထိန်းချုပ်နိုင်ရေးနှင့် ပြည်သူများ စနစ်တကျစည်းကမ်းလိုက်နာဆောင်ရွက်နိုင်ရေး အတွက် မြို့ပေါ်ရပ်ကွက် (၇) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၈၀) အုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၂၄၉) ရွာတို့အား Local Semi-Lockdown ကာလ (၁၄) ရက်ကို ဇူလိုင်လ ၂၄ ရက်မှ စတင်၍ ဆောင်ရွက်လျှက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ကော်မတီဝင်များက အသံချဲ့စက်ဖြင့် လူစည်ကားရာ နေရာများတွင် နေ့စဉ် လှည့်လည် အသိပေး ကြေညာလျက်ရှိကြောင်း သိရသည်။
ထို့သို့ အသိပညာပေး ကြေညာရာ၌ ဇူလိုင်လ ၂၄ ရက်မှ စတင်၍ Local Semi-Lockdown အသွားအလာ ကန့်သတ်ထားသည့် ကာလအတွင်း မိမိအိမ်တွင်သာ နေထိုင်ကြရန် (အစိုးရဌာန ၊ အဖွဲ့အစည်း ၊ ကုမ္ပဏီ ၊ စက်သုံးဆီ ၊ ရေသန့်လုပ်ငန်းအတွက် သွားရောက်သူများ မပါ) ၊ စျေးဝယ်ရန် ၊ နေအိမ်ပြင်ပထွက်ခွာရန် ရှိပါက အိမ်ထောင်စုတစ်စုလျှင် တစ်ဦးနှုန်းသာ ထွက်ခွာကြရန်နှင့် နေ့လည် (၁) နာရီအချိန်မှစ၍ နေအိမ်ပြင်ပသို့ (လုံးဝ) ထွက်ခွာခြင်း မပြုရန် ၊ နေ့လည် (၁) နာရီမှစ၍ ဆေးဆိုင်နှင့် စက်သုံးဆီဆိုင်များမှအပ စျေးများအပါအဝင် မည်သည့် စျေးဆိုင်မှ ရောင်းချခြင်း မပြုကြရန်၊ နေအိမ်ပြင်ပထွက်ခွာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်ရန်နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများ၏ အိမ်ထောင်စုတစ်စုလျှင် တစ်ဦးသာ အပြင်ထွက်ခွင့်ကတ်ပြားရယူ၍ စျေးဝယ်ခြင်း၊ အိမ်အပြင် ထွက်ခွာခြင်းပြုကြရန် ၊ အခြားမြို့နယ်များသို့ လုပ်ငန်းကိစ္စဖြင့် သွားရောက်လိုပါက ဝင်/ထွက်ခွင့် ကတ်ပြားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ အထောက်အထား အစုံအလင် ဖြင့် လျှောက်ထားရန်၊ ဆေးရုံ၊ ဆေးခန်း သွားရောက်လိုပါက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုး များထံ အကြောင်းကြား၍ ယာဉ်မောင်းအပါအဝင် (၃) ဦးသာ သွားရောက်ရန်၊ စည်းကမ်းချက် များအား (၁၄) ရက်တာ ကာလအတွင်း လိုက်နာကြရန်နှင့် လိုက်နာမှုမရှိ ကြောင်း စစ်ဆေးတွေ့ ရှိပါက မြို့နယ်စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနတို့မှ အသံချဲ့စက်ဖြင့်နေ့စဉ် အသိပညာပေး နှိုးဆော်လျက် ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်