ရန်ကုန် သြဂုတ် ၁၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး ထိခိုက်မှုသက်သာရေး အစီအစဉ်(CERP)အရ တောင်သူများ မွေးမြူရေးလုပ်ငန်း ထိခိုက်မှုနည်းပါး စေရေး၊ မေထုန်မဲ့သားစပ်သင်တန်း (၄/၂၀၂၀) ဖွင့်ပွဲကို ယနေ့ နံနက်က သန်လျင်မြို့ရှိ ခရိုင်မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ တိုးမင်းထွန်း၊ သန်လျင် မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးနေလင်း အောင်နှင့် ဦးအောင်နိုင်ထွန်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းတို့က သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။
ယခုဖွင့်လှစ်သော မေထုံမဲ့သားစပ် သင်တန်းသည် လေးကြိမ်မြောက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကာလအတွင်း တောင်သူများ၊ မွေးမြူရေး လုပ်ငန်းများ ထိခိုက်မှုနည်းပါးစေရေး၊ ထုတ်ကုန်များ လျော့နည်းမှုမဖြစ်ပေါ်စေရေး၊ ဝင်ငွေ အခက်အခဲဖြစ်နေသော ကျေးလက်တောင်သူများ အထောက်အပံ့ ဖြစ်စေရေး ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)