မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးကျင်းပ

ရန်ကုန်      ဇူလိုင်     ၂၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေး၌ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ  ဦးတင်မျိုးအောင်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား နေမှုများအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက် ပေးကြရန်လိုပါကြောင်း၊ Mask တပ်ဆင်ထားမှု မရှိသည်များတွေ့ရှိပါက ပညာပေးခြင်းများဆောင်ရွက်ပေးပြီး Mask တပ်ဆင်ဖို့ ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ နေ့စဉ်ရပ်ကွက် (၂၀)အတွင်းရှိ ပြည်သူများအား ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  ကိုဗစ် -၁၉ ရောဂါ ကြိုတင် ကာကွယ် ရေး လမ်းညွှန်ချက်များအား   နေ့စဥ်တစ်နေ့သုံးကြိမ် နှိုးပေးခြင်းအား ဆက်လက် ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်းနှင့် အောက်ဆီဂျင်ဖြန့်ဖြူးပေးနိုင်ရေးအတွက် လုပ်ငန်း ကော်မတီ များအလိုက် အစီအစဉ်တကျ ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး သိန်းဆွေမြင့်က ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများထံ အသိပညာပေးခြင်းများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သီဟက မြို့နယ်အတွင်းရှိ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့ဝင်များပါဝင်သည့် အောက်စီဂျင်ဖြန့်ဝေရေး အထောက်အကူပြုကော်မတီ၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ဆွေးနွေးခဲ့သည်။

 ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)