အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် ချင်းရွှေဟော်မြို့မှ ဝယ်ယူလှူဒါန်းသည့် အောက်ဆီဂျင် (၄၀)လီတာအိုး (၆၀)လုံး နမ္မတူမြို့နယ်သို့ ရောက်ရှိ

နမ္မတူ ဇူလိုင် ၂၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးအတွက် ချင်းရွှေဟော် မြို့မှ ဝယ်ယူလှူဒါန်းသည့် အောက်စီဂျင် (၄၀)လီတာအိုး (၆၀)လုံးမှာ ယမန်နေ့နေ့လယ် (၁၂)နာရီခွဲ အချိန်ခန့်တွင် နမ္မတူမြို့သို့ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ဝယ်ယူလှူဒါန်းရာတွင် နမ္မတူမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် မနန်းအေးအေးထွန်း ခေတ္တဂျပန်မှ အောက်ဆီဂျင် (၄၀)လီတာအိုးအလွတ် (၃၀)လုံး၊ Flow meter (၃၀)စုံအားလည်းကောင်း၊ တရုတ်လူမှုကူညီရေး အသင်းမှ အောက်ဆီဂျင် (၄၀)လီတာအိုးအလွတ် (၂၀)လုံး၊ Flow meter (၂၀)စုံနှင့် PPE ဝတ်စုံ (၁၂၀)စုံတို့အား မေတ္တာရှင်နာရေးလူမှုကူညီရေး အသင်းပိုင်အဖြစ်လည်းကောင်း ပေးအပ် လှူဒါန်းခဲ့ပြီး၊ တရုတ်လူမှုကူညီရေးအသင်းမှ အောက်ဆီဂျင် (၄၀)လီတာအိုးအလွတ် (၁၀)အိုး၊ Flow meter (၁၀)စုံတို့အား မေတ္တာရှင်နာရေးလူမှုကူညီရေး အသင်းသို့ အငှားအဖြစ်လည်းကောင်း ပေးအပ်ခဲ့သည်။

အလားတူ ကော်နာစတုန်းကုမ္ပဏီမှလည်း ကိုဗစ်-၁၉ရောဂါကုသရေး လုပ်ငန်းများတွင် အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေးအတွက် အောက်ဆီဂျင် (၄၀)လီတာအိုး (၈၀)အိုးအတွက် အောက်ဆီဂျင်အရည် ဖြည့်တင်းလှူဒါန်းပေးခဲ့သည်။

မေတ္တာရှင် နာရေးလူမှုကူညီရေးအသင်းအနေဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ပိုးတွေ့လူနာများ၊ စောင့်ကြည့်လူနာများနှင့် စေတနာဝန်ထမ်းများအား နေ့စဉ်ထမင်း/ဟင်း မနက်၊ နေ့လည်၊ ညနေစာ (၃)နပ်ကျွေးမွေး လှူဒါန်းခြင်း၊ သောက်ရေလှူဒါန်းပေးခြင်း၊ ကိုဗစ်ပိုးတွေ့လူနာများအား သယ်ယူပို့ဆောင်ပေးခြင်း၊ အတွင်းစည်းမှနေ၍ ပြုစုစောင့်ရှောက်ပေးခြင်း၊ သေဆုံးပိုးတွေ့ လူနာများအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပို့ဆောင်သင်္ဂြိုလ် ပေးခြင်း၊ ပိုးသတ်ဆေးဖျန်းရန် လိုအပ်သည့် နေရာများတွင် ပိုးသတ်ဆေး ဖျန်းပက်ပေးခြင်းနှင့် အောက်ဆီဂျင် မပြတ်လပ်စေရေးအတွက် အသင်းရုံးတွင် နေ့စဉ်အောက်ဆီဂျင် (၄၀)လီတာအိုး (၈၀)လုံး အဆင်သင့်ရှိနေအောင် စီစဉ်ဆောင်ရွက်ထားပြီး အောက်ဆီဂျင် လိုအပ်သည်နေရာများသို့ ဖြန့်ဝေကူညီပေးလျက်ရှိကြောင်း မေတ္တာရှင်နာရေးလူမှု ကူညီရေးအသင်းမှ ဦးကျော်မျိုးထွဋ်ထံက သိရှိရသည်။

နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆)ရက်နေ့မှ ယခုအချိန်ထိ ကိုဗစ်-၁၉ပိုးတွေ့လူနာ (၁၁၂)ဦးရှိပြီး၊ (၅၂)ဦးမှာ ရောဂါကင်းစင်ပြီး ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ရရှိကာ၊ (၃)ဦး သေဆုံးခဲ့ပြီး၊ ပိုးတွေ့လူနာ (၅၇)ဦးမှာ ဆေးကုသမှုခံယူလျက်ရှိကြောင်း နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရှိရသည်။

လူမော်