မိုင်းယောင်း ဇူလိုင် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ပြည်သူများ လိုက်နာရမည့် အချက်များအား အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခြင်းများကို ယမန်နေ့ ညနေ ၅ နာရီချိန်က မြို့တွင်းရပ်ကွက်များနှင့် ကျေးရွာများ၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ရဲဝင်းနိုင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ခိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်၍ ဆောင်ရွက်ခဲ့ကြသည်။
အသိပေးနှိုးဆော် ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် နေအိမ်တွင်သာ နေထိုင်ကြရန်၊ ပြင်ပဧည့်သည်များ လက်မခံရန်နှင့် မိမိအနေဖြင့်လည်း အခြားသူများထံ မသွားရန်၊ အပြင်ထွက်လျှင် Mask စနစ်တကျ တပ်ဆင်ရန်၊ လူစုလူဝေးဆောင်ကြဉ်ရန်၊ လက်ကို မကြာခဏဆေးကြောရန်၊ မသန့်ရှင်းသောလက်ဖြင့် ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့ကို ကိုင်တွယ်ခြင်းမပြုရန်၊ လေဝင်လေထွက် မကောင်းသော အခန်း/နေရာများကို ရှောင်ရန်၊ အသုံးပြုပြီးသော နှာခေါင်းစည်း(Mask)များကို စနစ်တကျ စွန့်ပစ်ပြီး၊ ကိုယ်လက်သန့်စင်ပြီးမှ အိမ်သားများနှင့် ထိတွေ့ရန်၊ သက်ကြီးရွယ်အိုနှင့် ရောဂါအခံ ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဂရုစိုက်ရန်၊ ကိုဗစ်-၁၉ ရောဂါ သံသယရှိပါက ကျန်းမာရေး စစ်ဆေးမှုခံယူရန် စသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး နည်းလမ်းများကို မြန်မာနှင့် ရှမ်းဘာသာစကားဖြင့် လှည့်လည်နှိုးဆော် ခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပေး နှိုးဆော်ခြင်းကို ပူးပေါင်းအဖွဲ့ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အားချာ