တာချီလိတ် ဇူလိုင် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ကိုဗစ်(၁၉)ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ အခြေခံသန့်ရှင်းရေးဝန်ထမ်းမိသားစုများ စားသောက်ရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရှမ်းရှေ့နဂါးမင်းကုမ္ပဏီက စိုက်ပျိုးထုတ်လုပ် နေသည့် ခြံထွက်သြဂဲနစ် (Organic)သဘာဝသီးနှံများအား ယမန်နေ့က သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စားသုံးသီးနှံများ ထောက်ပံ့ရာတွင် ခြံထွက်သြဂဲနစ် သီးနှံများဖြစ်သည့် ချဉ်ပေါင်၊ ကန်စွန်း၊ ဖရုံ၊ ဘူးညွန့်၊ ဘူးသီး၊ ရုံးပတီသီး၊ ခရမ်းချဉ်သီး၊ ကြက် ဟင်းခါးသီး စသည့် သီးနှံစည်း ရေပေါင်း ၂၀၀ ခန့် ဖြစ်ကြောင်း ရှမ်းရှေ့နဂါးမင်းကုမ္ပဏီအထွေထွေမန်နေဂျာထံမှ သိရပြီး၊ တာချီလိတ်မြို့ နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးခွန်ဇော်ဦးက “ကျနော်တို့ အနေနဲ့ ကိုဗစ် ကာလမှာ Lockdown ချထားတဲ့ သန့်ရှင်းရေးဝန်ထမ်း အိမ်ထောင်စု ၂၇ စုအတွက် ဟင်းသီး ဟင်းရွက်တွေကို နေ့စဉ်ဈေးကဝယ်ပြီး ထောက်ပံ့ပေးနေရတယ်။ အခုလို ဟင်းသီးဟင်းရွက်တွေ လာရောက်လှူဒါန်းတဲ့အတွက် ရှမ်းရှေ့နဂါးမင်းကုမ္ပဏီကို ကျေးဇူးတင်ရှိကြောင်း ”ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ရှမ်းရှေ့နဂါးမင်းကုမ္ပဏီအနေဖြင့် သြဂဲနစ်စိုက်ခင်းမှ ခြံထွက်သီးနှံများကို ပြင်ပသို့ စီးပွားဖြစ်ရောင်းချခြင်းမပြုသေးဘဲ လူမှုရေးအသင်းအဖွဲ့များနှင့် အခြားလိုအပ်ချက်ရှိသည့် နေရာများအား ဆက်လက်လှူဒါန်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သဘာဝမြေဩဇာသုံး ဟင်းသီးဟင်းရွက် သီးနှံများကို စားသုံးခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်စေရန် သြဂဲနစ်သီးနှံ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ရခြင်းဖြစ်ကြောင်း၊ နည်းပညာရယူလိုသူများ၊ ပူးပေါင်းဆောင်ရွက် လိုသူများကိုလည်း ကြိုဆိုလျက်ရှိကြောင်း၊ ဆက်သွယ်လိုပါက အထွေထွေမန်နေဂျာထံ ဆက်သွယ်ရယူဆောင်ရွက်နိုင်ကြောင်းလည်း သိရသည်။
ဝေယံလင်း