ရေဖြူ ဇူလိုင် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဝေဒနာ ခံစားနေရသူများ၊ ဖျားနာနေသူများအတွက် လိုအပ်သည့် အောက်ဆီဂျင်များ အချိန်မရွေး ရရှိနိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အောက်ဆီဂျင်ပြတ်လပ်မှု မရှိရေး ဆောင်ရွက် လျက်ရှိကြောင်း"အာယုဇီဝ "အောက်ဆီဂျင်အဖွဲ့ဥက္ကဋ္ဌဦးခင်မောင်မြင့်၏ပြောကြားချက် အရ သိရသည်။
မြို့နယ်အတွင်း အောက်ဆီဂျင်ပြတ်လပ်မရှိစေရေးအတွက် အဓိက ဆောင်ရွက်လုပ်ကိုင် ပေးနေသူတစ်ဦးဖြစ်သူ ရေဖြူမြို့ "အာယုဇီဝ အောက်ဆီဂျင်အဖွဲ့ ဥက္ကဋ္ဌဦးခင်မောင်မြင့်က “ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့ အချိန်က စပြီး ဆေးရုံမှာတော့ (၄၀)လီတာဆံ့ အောက်ဆီဂျင် အိုး (၆)လုံးနဲ့ အဖွဲ့ပိုင် ၁၀လီတာဆန့်(၅၅)လုံးရှိပါတယ် ၊ထားဝယ်မြို့ အာယုဒါန အောက်စီဂျင် အသင်းမှာ(၁)ရက်တစ်ကြိမ် သွားရောက်ယူ ရပါတယ်၊ တစ်ရက်ကို (၁၅)လုံးနဲ့ (၂၀)လုံးကြား ထည့်ပေးပါတယ်၊ အလှူငွေကို စေတနာအားဖြင့် လှူသလောက်ပဲ အာယုဒါနက လက်ခံပေး ပါတယ်။ အောက်ဆီဂျင်အိုးတွေရောက်လာတာနဲ့ ကိုဗစ်-၁၉ ရောဂါကုသနေတဲ့ မြို့နယ်ပြည်သူ့ ဆေးရုံနဲ့ ချိတ်ဆက်ပြီးဆောင်ရွက်ပါတယ်၊၊ ပြည်သူတွေအနေဖြင့်လည်း အောက်ဆီဂျင်အတွက် အလှူငွေနေ့စဉ်လာရောက်လှူဒါန်းကြပါတယ်။ မည်သူ့ကိုမဆိုအခမဲ့ဖြန့်ဝေပေးခြင်း ဖြစ်ပါ တယ်၊ လောလောဆယ် မြို့နယ်တွေမှာ လူနာများလာတော့ အောက်ဆီဂျင် အဆက်မပြတ် အောင် ကြိုးစားနေပါတယ်"ဟု အောက်ဆီဂျင်လုံလောက်မှုရှိစေရေး ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောပြပါတယ်။
ရေဖြုမြို့နယ်အတွင်း ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၄၉)ဦး အထိရှိနေပြီ ဖြစ်သော်လည်း အောက်ဆီဂျင်ပြတ်လပ်မှုမရှိရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဖြူဖြူရှိန်