လမ်းမတော်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပညာသင်ကြား

လမ်းမတော် သြဂုတ် ၁၂

၂၀၂၀-၂၀၂၁ ပညာသင်နှစ် လမ်းမတော်မြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ပညာသင်ကြားရာတွင် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအဝင်ဝတွင် ကိုယ်အပူချိန်များ တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း တပ်ဆင်စေခြင်းနှင့် Face Shield များပါ/မပါစစ်ဆေးခြင်း၊ လက်ဆေးဘေစင်တွင် လက်ကိုစနစ်တကျ ဆေးရန် တာဝန်ကျဆရာ၊ ဆရာမများက စစ်ဆေးပြီး တစ်ဦးနှင့်တစ်ဦး နီးကပ်မှုမရှိစေရေး (၆)ပေကွာဖြင့် အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း၊ စာသင်ကျောင်းခန်းတွင် လက်ဆေးဘေစင်များ စနစ်တကျထားရှိခြင်း၊ အမှိုက်ပုံးထားရှိခြင်း၊ ကျောင်းသား၊ ကျောင်းသူများကို ဆရာ/ဆရာမများက အလှည့်ကျ စာသင်ကြား စေပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျလိုက်နာ မှုရှိ/မရှိကို နေ့စဉ်လိုက်လံ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

လမ်းမတော်မြို့နယ်အနေဖြင့် အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူပေါင်း (၂၆၂)ဦး ကို စာသင်ကြားနေပြီး စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး ထားရှိပြီး စာသင်ချိန်အနေဖြင့် နံနက်(၉)နာရီမှ နေ့လယ်(၁)နာရီထိ စာသင်ချိန် တစ်နေ့(၅)ချိန် ခွဲ၍ သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ကျော်ဆန်းမြင့်