ကြာအင်းဆိပ်ကြီး ဇူလိုင် ၂၅
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ဇူလိုင်လ(၁၈)ရက်နေ့မှ စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇမိမြစ်အတွင်းသို့ စီးဝင်သည့် ချောင်းလက်တက်များနှင့် ဇမိမြစ်ရေလျှံခြင်းဖြစ်ပွားမှုကြောင့် အမှတ်(၆)ရပ်ကွက် မြေနိမ့်ပိုင်းရှိ လူနေအိမ်များအတွင်းသို့ ရေများ ဝင်ရောက်ကျော်လွန်ပြီး နစ်မြုပ်မှုကြောင့် အိမ်ထောင်စု(၈၈)စုမှာ ရေလွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေကြီးနစ်မြုပ်မှုကြောင့် ရေဘေးရှောင် ပြည်သူများအား ရေလွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်စီမံ ဆောင်ရွက်လျက်ရှိပြီး မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များမှ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် နေထိုင်ပြောင်းရွှေ့ နေရာချထားရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေဘေးရှောင်ပြည်သူ အိမ်ထောင်စု(၈၈)စုအား ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၆)ရပ်ကွက် ရှေ့သို့ လမ်းနှင့်ကျွန်းတောလမ်း ဗိုလ်တဲကုန်းရှိ ဆိုင်ကလုံးစင်တာနှင့် နီးစပ်ရာ ဆွေမျိုးများအိမ်၌ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ နေထိုင်လျက်ရှိပြီး စေတနာရှင် မိဘပြည်သူများမှလည်း စားသောက်ကုန်များနှင့် ထမင်းဘူးများကို ကိုဗစ်စည်းကမ်းချက်များနှင့်အညီ လှူဒါန်းပေးလျက်ရှိပြီး ဇမိမြစ်၏ စိုးရိမ်ရေအမှတ်မှာ(၃၅)ပေဖြစ်ပြီး ယနေ့နံနက်ပိုင်းအချိန်အထိ စိုးရိမ်ရေအမှတ် ရောက်ရှိရန် (၇)ပေကျော်ခန့် ကျန်ရှိနေသေးကြောင်း သိရသည်။
မျိုးမင်းဦး