ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇူလိုင် ၂၄ ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်မြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့ရှိ ကိုဗစ်-၁၉ ကုသရေး စင်တာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ပြင်ဆင် ဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ သွား‌ရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူများသည် မကြာမီဖွင့်လှစ်မည့် လှိုင် ကိုဗစ်-၁၉ ကုသရေးစင်တာသို့ ထက်ကမ္ဘာကျော်ကုမ္ပဏီမှ လှူဒါန်းသော အောက်ဆီဂျင် ထုတ်လုပ်သည့် စက်သစ် ရောက်ရှိမှု အားကြည့်ရှုခဲ့ပြီး အလှူရှင်များအား ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့သည်။ ယင်းနောက် ကုသရေးစင်တာအတွင်း ကိုဗစ်-၁၉ ပိုးတွေ့ လူနာများအား နေရာချထားပေးမည့် အိပ်ဆောင်များတွင် အောက်ဆီဂျင် ပိုက်လိုင်းများ တပ်ဆင်ဆောင်ရွက်မှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါ လှိုင်ကိုဗစ်-၁၉ ကုသရေးစင်တာတွင် တပ်ဆင်ထားရှိမည့် အောက်ဆီဂျင် ထုတ်လုပ်သည့် စက်သစ်မှာ တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်ဆလင်ဒါအိုးပေါင်း (၁၂၀) အိုး အထိ ထုတ်လုပ်ပေးနိုင်ကြောင်း၊ စက်တန်ဖိုးငွေကျပ်သိန်း ၁၂၀၀ ကျသင့်ကြောင်း၊ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ စုစုပေါင်း ၆၀၀ ဦးခန့် စောင့်ရှောက်ကုသနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထား ရှိကြောင်း သိရသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများသည် ရန်ကင်းပညာရေး ဒီဂရီကောလိပ်ဝန်းအတွင်းရှိ ရန်ကင်းကုသရေး စင်တာအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာများအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အိပ်ဆောင်(၁)ဆောင်နှင့် စာသင်ဆောင် (၁)ဆောင်တို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း(၆၀၀) ဦးခန့် စောင့်ရှောက် ကုသနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ကုသရေးစင်တာတွင် တာဝန်ထမ်း ဆောင်ကြမည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များအား အားပေး စကားများ ပြောကြားခဲ့သည်။ ဆက်လက်၍ အင်စိန်မြို့နယ် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း အမှတ်(၃) သံမဏိစက်ရုံ ရွာမရှိ ဓာတ်ငွေ့ထုတ်လုပ်ရေးဌာနစုမှ ဆောင်ရွက်နေသည့် အောက်ဆီဂျင်ဖြည့်တင်းထုတ်လုပ်နေမှု လုပ်ငန်းများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။ နိုင်လင်းကျော်