ကော့ကရိတ် ဇူလိုင် ၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးသည် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီနှင့် အလှူရှင်များမှလှူဒါန်းသည့် အောက်ဆီဂျင်အိုးများကို မြဝတီမြို့ ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၂၂ရက်နေ့မှစ၍ နေ့စဉ်သွားရောက်ထုတ်ယူရရှိလျက်ရှိကြောင်း သိရသည်။
အဆိုပါ လိုအပ်လျက်ရှိသော အောက်ဆီဂျင်အိုးများကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံမှုဖြင့် ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံအတွက် အောက်ဆီဂျင်40lအိုး(၂၀)လုံး၊ ကျုံဒိုးမြို့ ဆေးရုံအတွက် အောက်ဆီဂျင်40lဆံ့အိုး(၁၀)လုံးအား လည်းကောင်း၊ ကော့ကရိတ်မြို့ ဂရုဏာ ဖောင်ဒေးရှင်းအသင်းမှ ဦးလင်းကိုဦးဆောင်သောအဖွဲ့ဝင်များမှ လည်းကောင်း၊ ဦးအောင်ကိုဟိန်း ဦးဆောင်သော ပရဟိတအဖွဲ့ဝင်များမှ လည်းကောင်း အောက်ဆီဂျင်အိုး များကို မြဝတီမြို့၌နေ့စဉ်သွားရောက် ဝယ်ယူကူညီဆောင်ရွက်ပေးခဲ့ကြပြီး ကော့ကရိတ်မြို့တွင် ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်.၁၉ရောဂါ ခံစားနေရသောဝေဒနာရှင်များအတွက် အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေး ဝိုင်းဝန်းလှူဒါန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင်ကော့ကရိတ်ခရိုင်အတွင်းရှိ ကော့ကရိတ်မြို့၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီးမြို့၊ ဘုရားသုံးဆူမြို့၊ ကျိုက်ဒုံမြို့အတွက် အောက်ဆီဂျင် ရရှိရေးကိုလည်း ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှုဖြင့် ကော့ကရိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ နေ့စဉ်စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်