ဘားအံ ဇူလိုင် ၂၄
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ် (၁၈)ကြိမ်မြောက် မြို့လုံးကျွတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်နယ်သံဃနာယကအဖွဲ့ (သုဓမ္မာ) ဥက္ကဋ္ဌ ဓမ္မဝါသီကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဥတ္တရထံမှ ကိုးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ကြွရောက်တော်မူကြသော ဆရာတော်အရှင်သူမြတ်များ ရွတ်ပွား ချီးမြှင့်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြည်ညို ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက သာသနာရေး ဆိုင်ရာများ လျှောက်ထားတင်ပြသည်။ ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်အရှင်သူမြတ် များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ယနေ့အခမ်းအနားတွင် စုစုပေါင်းငွေကျပ် ၂၈၆၃၀၀၀၀ (နှစ်ရာရှစ်ဆယ် ခြောက်သိန်း သုံးသောင်း)တန်ဖိုးရှိ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်းနှင့် ပြည်နယ်သံဃနာယက အဖွဲ့(မူလဒွါရ) ဥက္ကဋ္ဌ အမိတာရာ မရဲကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဂုဏာလင်္ကာရထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ ပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း