နောင်ချိုမြို့နယ်တွင် ဆီမီးလော့ဒေါင်း ကာလအတွင်း အိမ်အပြင်ထွက် သွားလာသူများအား စစ်ဆေးဆောင်ရွက်

နောင်ချို ဇူလိုင် ၂၄
 
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဇူလိုင်လ ၂၃ ရက်နေ့မှစ၍ ဆီမီးလော့ဒေါင်းချ အသွားအလာကန့်သတ်ထားပြီး မွန်းတည့် ၁၂ နာရီ နောက်ပိုင်း သွားလာခြင်း မပြုရန် တားမြစ်ထားရာ ယမန်နေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်က အိမ်အပြင် ထွက်သွားလာသူများအား တာဝန်ရှိသူများက စစ်ဆေးမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 
စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုး နှင့် ဌာနဆိုင်ရာများပါဝင်သော မိုဘိုင်းအဖွဲ့ များက မြို့ပေါ်ရပ်ကွက် စစ်ဆေးရေးဂိတ်များတွင် အဝင်အထွက် စစ်ဆေးနေမှုများနှင့် အဓိက လမ်းမကြီးများတွင် သတ်မှတ်ချိန် မွန်းတည့် ၁၂ နာရီကျော်အချိန်တွင် အပြင်ထွက် သွားလာသူများအား အပြင်ထွက်ခွင့်ကတ်များ ပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ အဆိုပါကတ်များ ပါရှိသော်လည်း မွန်းတည့် ၁၂ နာရီ နောက်ပိုင်းတွင် ကျန်းမာရေးကိစ္စမအပ အပြင်ထွက်သွားလာခွင့် မရှိကြောင်း အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက် ခဲ့သည်။
 
နောင်ချိုမြို့နယ်အား ဆီမီးလော့ဒေါင်းကာလ ထုတ်ပြန်ကြေငြာခဲ့ပြီးနောက် ထိုကာလတွင် နံနက် ၄ နာရီ မှ မွန်းတည့် ၁၂ နာရီအတွင်း အပြင်ထွက် ဈေးဝယ်ခွင့် ကတ်ပြားများဖြင့် တစ်အိမ်လျှင် ၁ ဦး၊ ဆေးရုံ၊ ဆေးခန်းသွားရာ တွင် တစ်အိမ်လျှင် ၂ ဦးသာ ထွက်ကြရန်နှင့် မွန်းတည့် ၁၂ နာရီနောက်ပိုင်းတွင် အရေးပေါ် ကျန်းမာရေးကိစ္စများမှအပ အပြင်ထွက်သွားလာခြင်း မပြုရန် စသည့်စည်းကမ်းချက်များကို ထုတ်ပြန်ကြေငြာထားသည်။
 
အဆိုပါ ဆီမီးလော့ဒေါင်း စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
 
ထွေးငယ်