မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်

မိုင်းပျဉ်း ဇူလိုင် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့မစျေးနှင့် လူသွားလမ်းဆုံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုကို ယနေ့ နံနက် ၇ နာရီက ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်က ဦးဆောင်၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြန်/ဆက်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် စျေးရောင်း/စျေးဝယ် များနှင့် အပြင်ထွက်သွားလာသူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးပြီး၊ လက်ရှိဖြစ်ပေါ် နေသော ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်းမှာသာ နေထိုင်ကြရန်၊ ပြင်ပမှ ဧည့်သည်များအား လက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်း မပြုရန်၊ အပြင်ထွက်ပါက နှာခေါင်းစည်း(Mask) တပ်ဆင်ရန်၊ Mask မတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းမှ ရှောင်ကျဉ်ရန်၊ လူစုလူဝေးမပြုလုပ်ရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ မိမိနေအိမ် အခန်းများကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ထားကြရန်၊ အပြင်မှပြန်လာတိုင်း(Mask)ကို စနစ်တကျ စွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချို၊သွေးတိုး၊ နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက် ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ဆေးကုသမှုခံ ယူရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံး လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ ပြင်ပထွက်ခွာသူများ အနေဖြင့် မလိုအပ်ဘဲ အပြင်သို့သွားလာမှု မရှိစေရေးနှင့် ပြင်ပထွက်ခွာတိုင်း (Mask) တပ်ဆင်ရေးစသည့် အချက်များကို အသံချဲ့စက်ဖြင့် မြန်မာ၊ ရှမ်းဘာသာစကားတို့နှင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မေမွန်ထွဋ်