ကမမောင်းမြို့၌ ကိုဗစ်-၁၉ပို့တွေ့ရှိရပြီး စိုးရိမ်ရခြင်းမရှိသည့် လူနာများအား ထားရှိ မည့် သီးသန့် Quarantine Centre နေရာပြင်ဆင်ထားရှိ

ကမမောင်း ဇူလိုင် ၂၃

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ရှိရပြီး အသက်အန္တရာယ် စိုးရိမ်ရခြင်းမရှိသည့် လူနာများအား ထားရှိရန်အတွက် အမှတ် ( ၄) ရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းတွင် သီးသန့် Quarantine Centre အဖြင့် အသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ယနေ့ နံနက်( ၁၀)နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူးဦးသန်းကျော်သူနှင့် ကမမောင်းမြို့ ပြည်သူ့ဆေးရုံ တာဝန်ခံ ဒေါက်တာဆုရဲထက်၊ မြို့မိ၊မြို့ဖများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ခန်းများ၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိရ ပြီး စိုးရိမ်ဖွယ်ရာမရှိသည့် လူနာများကို ၁၄ရက် စောင့်ကြည့်သွားနိုင်ရန်အတွက် သီးသန့် QuarantineCentre အဖြင့် အသုံးပြု၍ လူနာများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးသွားမည်ဖြစ်ကြောင်း၊ ကမမောင်းမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ သံဃာဆောင်အား ကိုဗစ် - ၁၉ရောဂါပိုးတွေ့ရှိရပြီးအသက်အန္တရာယ်စိုးရိမ်ရမည့် လူနာများကိုထားရှိ၍ ကျန်းမာရေးဝန်ထမ်းများမှ ဆေးဝါးကုသပေးသွားနိုင်ရန် စီစဉ်ထားကြောင်း ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာဆုရဲထက်က ရှင်းပြသည်။

အခြေခံပညာအထက်တန်းကျောင်းရှိ သီးသန့်Quarantine Centre တွင်ထားရှိမည့် ကိုဗစ်-၁၉ ရောဂါပိုး တွေ့အတည်ပြုလူနာများအတွက် လိုအပ်မှုများကို ကူညီဖေးမမှု ပြုပေးနိုင်ရန်နှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်များအတွင်းရှိ စေတနာဝန်ထမ်းအဖြင့် ကူညီ ဆောင်ရွက်ပေးကြမည့် လူငယ်များ၊ ကမမောင်းမြို့ ကြက်ခြေနီအဖွဲ့ခွဲငယ်မှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက တာဝန်ယူဆောင်ရွက သွားကြမည်ဖြစ်ကြောင်း မြို့ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေး ကော် မတီထံမှ သိရှိရသည်။

လင်းသန့်