ပျော်ဘွယ်မြို့နယ်အတွင်း အောက်ဆီဂျင်ပြတ်လပ်မှု မရှိရေး ဆောင်ရွက်လျက်ရှိ

ပျော်ဘွယ် ဇူလိုင် ၂၃

ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဝေဒနာခံစားနေရသူများ၊ ဖျားနာနေသူများအတွက် လိုအပ်သည့် အောက်ဆီဂျင်များ အချိန်မရွေးရရှိနိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အောက်ဆီဂျင်ပြတ်လပ်မှု မရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်း အောက်ဆီဂျင်ပြတ်လပ်မရှိစေရေးအတွက် အဓိကဖြန့်ဖြူးပေးနေသည့် အလင်း ရောင်ပရဟိအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့ အချိန်က စပြီး (၄၀)လီတာဆံ့ အောက်ဆီဂျင် အိုး (၂၀)လုံးနဲ့ မန္တလေးမြို့မှာ ()ရက်တစ်ကြိမ် သွားရောက်ဝယ်ယူ ရပါတယ်၊ တစ်လုံးကို ငွေကျပ်(၁၅၀၀၀)ကျသင့် ပါတယ်၊ အောက်ဆီဂျင်အိုးတွေရောက်လာတာနဲ့ ကိုဗစ်-၁၉ ရောဂါကုသနေတဲ့ မြို့နယ်ပြည်သူ့ဆေးရုံအပါအဝင် တိုက်နယ်ဆေးရုံတွေ၊ ကုသရေးဌာန အဖြစ် သတ်မှတ်ထားတဲ့နေရာတွေကို အဓိကဖြန့်ဝေပေးပါတယ်၊ အခြားအသင်း အဖွဲ့တွေက လာရောက်အလှူခံတာ တွေလည်းရှိပါတယ်၊ မည်သူ့ကိုမဆိုအခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ပါတယ်ဟု ရှင်းပြသည်။

ပျော်ဘွယ်မြို့နယ်အတွင်း ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသူ(၃၉၈)ဦး အထိရှိနေပြီဖြစ် သော်လည်း အောက်ဆီဂျင်ပြတ်လပ်မှုမရှိရေးအတွက် ဆောင်ရွက်လျက်ရှိသလို အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မင်းမင်းထွေး