မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ရေဘေးသင့်ပြည်သူများအား ထောက်ပံ့

မိုင်းယောင်း ဇူလိုင် ၂၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ယမန်နေ့တွင် ဝမ်မိုင်မိုင်းလုံးကျေးရွာအနီးရှိ ရေဘေးသင့် အိမ်ထောင်စု ခြောက်စုအတွက် ရေဘေးကယ် ဆယ်ရေးပစ္စည်းများကို လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ရေဘေးသင့်ပြည်သူများအား မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များက တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဂုဏ်သိက္ခာသုံးပစ္စည်းများ၊ တာပေါ်လင်(Tarpaulin)၊ စောင်၊ ခြင်ထောင် စသည့် ရေဘေး ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ဇူလိုင် ၁၉ ရက်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ နေအိမ်အတွင်း ရေဝင်ရောက်ခြင်း၊ လယ်ယာမြေ ရေကြီးနစ်မြုပ်ခြင်းတို့ ကြုံတွေ့သော ရေဘေးသင့်ပြည်သူများအား ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် ပြည်သူများက ဆန်၊ စားသုံးဆီ၊ သောက်ရေသန့်၊ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ထမင်းထုပ်၊ မုန့် စသည့် စားစရာများကို နေ့စဉ် သွားရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း