မိုးနဲ ဇူလိုင် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ် ပြည်သူ့ဆေးရုံ နှစ်ထပ်ထိုးချဲ့ လူနာ ဆောင်အသစ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ချယ်ရီဘုရင်မ ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက် ပေးလျက်ရှိရာ ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါနှစ်ထပ်တိုးချဲ့လူနာဆောင်သစ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၉၃ ဒသမ ၆၀ သန်း ၊၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ၂၈၁ ဒသမ ၄၃ သန်း ၊စုစုပေါင်း ခွင့်ပြရန်ပုံငွေကျပ် ၄၇၅ ဒသမ ၀၃ သန်းဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် အလျား ၁၄၃ ပေ ၊အနံ ၉၈ ပေ ၊အာစီ အမျိုးအစား နှစ်ထပ်အဆောက်အဦကို စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ် ကြောင်း ချယ်ရီဘုရင်မ တည်ဆောင်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဆေးရုံတည်ဆောက်မှုအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကော်မတီမှ စဉ်ဆက် မပြတ် ကြည့်ရှုစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိပြီး တိုးချဲ့လူနာဆောင် ရာနှုန်းပြည့်တည် ဆောက်ပြီးစီးသွားပါက ပြည်သူများ၏ကျန်းမာရေး စောင့်ရှောက်မှုများကို ပိုမိုအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)