လင်းခေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ လှည့်လည်နှိုးဆော်ခြင်း ဆောင်ရွက်

လင်းခေး ဇူလိုင် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌ခေးခရိုင်၊ လင်းခေးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများအား ပူးပေါင်းလိုက်နာဆောင်ရွက်ကြစေရန် လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက ပူးပေါင်း၍ ယနေ့ နံနက် (၉)နာရီအချိန်က လင်းခေးမြို့ပေါ် ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး တိုက်တွန်း နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးတိုက်တွန်းနှိုးဆော်ခြင်းတွင် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ပေးကြရန်၊ မိမိအိမ်၌ ပြင်ပဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်ကြရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေကြရန်၊ လူစုလူဝေးများပြုလုပ်ခြင်းသွားလာခြင်းကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာ (သို့မဟုတ်) လက်သန့်ဆေးရည်ဖြင့် စနစ်တကျသေချာစွာ မကြာခဏဆေးကြောပေးကြရန်၊ ပြင်ပမှပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြရန် အစရှိသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ပူးပေါင်းလိုက်နာဆောင်ရွက်ပေးကြပါရန် ပြည်သူများအား မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် အသိပညာပေး လှည့်လည်တိုက်တွန်း နှိုးဆော်ပေးခဲ့ကြကြောင်းသိရသည်။