နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ နေ့စဉ် အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ပေးလျက်ရှိ

နမ္မတူ   ဇူလိုင် ၂၃

 

နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများဖြင့်ပူးပေါင်းကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးဆော်ဩခြင်းလုပ်ငန်းများ၊ ကျန်းမာရေး စစ်ဆေးရေး ဂိတ်များ၊ ရောဂါစစ်ဆေးရေးဌာနများ၊ ဆေးကုသဆောင်များ၊ စောင့်ကြည့်စခန်းများ၊ ကိုဗစ်-၁၉ပိုးတွေ့လူနာများအား လတ်တလောဆေးကုသရာတွင် နေ့စဉ်အောက်စီဂျင် (၄၀)လီတာအိုး (၅)အိုးမှ (၁၀)အိုးအတွင်း အသုံးပြုရသဖြင့် အောက်ဆီဂျင်မပြတ်မလပ်ရရှိစေရေးများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

အလားတူ မေတ္တာရှင်နာရေးလူမှုကူညီရေးအသင်းမှလည်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ပိုးတွေ့လူနာများ၊ စောင့်ကြည့်လူနာများနှင့် စေတနာဝန်ထမ်းများအား နေ့စဉ်ထမင်း/ဟင်း မနက်၊ နေ့လည်၊ ညနေစာ (၃)နပ်လှူဒါန်းခြင်း၊ သောက်ရေလှူဒါန်းပေးခြင်း၊ ကိုဗစ်ပိုးတွေ့လူနာများအား သယ်ယူပို့ဆောင် ပေးခြင်း၊ သေဆုံးပိုးတွေ့လူနာများအား  လမ်းညွှန်ချက်များနှင့်အညီ ပို့ဆောင်သင်္ဂြိုလ်ပေးခြင်းနှင့် အောက်ဆီဂျင်မပြတ်လပ်စေရေးအတွက် အသင်းရုံးတွင် နေ့စဉ်အောက်ဆီဂျင် (၄၀)လီတာအိုး (၅၀)လုံး ရှိနေအောင် စီစဉ်ဆောင်ရွက်ထားပြီး အောက်ဆီဂျင်လိုအပ်သည်နေရာများသို့ ဖြန့်ဝေ ကူညီပေးလျက်ရှိကြောင်း မေတ္တာရှင်နာရေးလူမှု ကူညီရေးအသင်းမှ ဦးကျော်မျိုးထွဋ်ထံက သိရှိရသည်။

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင်  ဇူလိုင်လ (၂၂)ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့လူနာ ငါးဦးထပ်မံတွေ့ရှိခဲ့သဖြင့် ပိုးတွေ့လူနာပေါင်း (၁၀၂)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၂၁)ဦး၊သေဆုံးသူ (၃)ဦး၊ ဆေးကုသဆဲပိုးတွေ့လူနာ (၇၈)ဦးရှိကြောင်း၊ အဆိုပါ  ထပ်မံတွေ့ရှိသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ငါးဦးမှာ မန်စံကျေးရွာမှ (၄)ဦးနှင့် သ.တ.လရပ်ကွက် (၄)မှ (၁)ဦး တို့ဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

 

နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့လူနာများအား နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံရှိ (Isolation ward)နှင့် အခြေခံသတ္တုတွင်းလုပ်ငန်းခွင်သင်တန်းကျောင်းရှိ (Isolation ward)ဖြင့် ဆေးကုသ ဆောင်ရွက်သည့်ဌာန နှစ်ခုဖွင့်လှစ်ကာ ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 

လူမော် (နမ္မတူ)