လားရှိုး ဇူလိုင် ၂၃
လားရှိုးမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ပြည်သူများတိတိကျကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပညာပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော် ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သဘာ၀ဘေးစီမံခန့်ခွဲရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် မိမိတို့နေအိမ်တွင်သာ နေထိုင်ရန်၊ လူစုလူဝေးများ မပြုလုပ်ကြရန်၊ မလိုအပ်ပဲအပြင်သို့လုံး၀ မထွက်ကြရန်နှင့် Stay at home စည်းကမ်းချက်များကို လိုက်နာကြရန် အသိပေးနှိုးဆော်လျက်ရှိသည်။ ကျန်းမာရေး အသိပညာပေး နှိုးဆော်လျက်ရှိသော ဌာနဆိုင်ရာများအတွက် Hand Gel နှင့် အရက်ပြန်များကို ခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက လာရောက်ပေးအပ်ခဲ့သည်။ လားရှိုးမြို့တွင် ဇူလိုင်လ(၂၂)ရက်နေ့ အထိ ပိုးတွေ့ရှိသူ(၁၃၆၇)ဦး၊ ဆေးရုံဆင်းသူ(၇၈၄)ဦးရှိပြီး စစ်ဆေးဆဲ(၆၇)ဦး ရှိကြောင်း သိရသည်။
ဥမ္မာချို