ကျိုင်းလပ် ဇူလိုင် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကျန်းမာရေးအသိဖြင့် ပူးပေါင်းပါဝင်စေရန် အသိပညာ ပေး ဆော်ဩခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပူးပေါင်းအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု တားဆီးကာကွယ်နိုင်ရန်နှင့် ကြိုတင် လိုက်နာရမည့် အချက်များ၊ ကြိုတင်ရှောင်ရှားရမည့် အချက်များကို ပြည်သူများအနေဖြင့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်နှင့် ရောဂါကူးစက်ခံရမှု မရှိစေရေးအတွက် အသိပညာပေး နှိးဆော်မှုများကို လက်ကိုင်အသံချဲ့စက် ( Hand Speaker) တို့ဖြင့် ကျိုင်းလပ်မြို့ပေါ်ရပ်ကွက် နှင့် စစ်ဆေးရေးဂိတ်များ ၊ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် လိုက်လံအသိ ပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျိုင်းလပ်မြို့ပေါ်ရှိ ပြည်သူများအနေဖြင့် နေအိမ်တွင်သာ နေထိုင်ကြရန်၊ ပြင်ပဧည့်သည်များ လက်မခံရန်နှင့် မိမိလည်း အခြားသူများထံ မသွားရန်၊ အပြင်ထွက်လျှင် Mask စနစ်တကျ တပ်ဆင်ရန်၊ လူစုလူဝေးဆောင်ကြဉ်ရန်၊ လက်ကို မကြာခဏဆေးကြောရန်၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့ကို ကိုင်တွယ်ခြင်းမပြုရန်၊ လေဝင်လေထွက် မကောင်းသော အခန်း/နေရာများကို ရှောင်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်း Mask ကို အပြင်တွင် စွန့်ပစ်ပြီး ကိုယ်လက်သန့်စင်ပြီးမှ အိမ်သားများနှင့် ထိတွေ့ရန်၊ သက်ကြီးရွယ်အိုနှင့် ရောဂါအခံရှိသူများကို ဂရုစိုက်ရန်၊ ရောဂါသံသယရှိပါက ကျန်းမာရေး စစ်ဆေးမှုခံယူရန် စသည့် ရောဂါကာကွယ်ရေး နည်းလမ်းများကို နှိုးဆော်သည်။ အဆိုပါကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပေး နှိုးဆော်ခြင်းကို စည်ပင်သာယာ ရေး၀န်ထမ်းများ၊ ပြန်/ဆက်၀န်ထမ်းများ၊ မီးသတ်ဦးစီးဌာန တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။