လားရှိုး ဇူလိုင် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင် ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီခွဲအချိန်မှ စတင်၍ လားရှိုးမြို့ ရပ်ကွက်(၁၀) ၊ဘူတာလမ်း၊ ရန်အောင်မြင်ဘုရားအနီး၌လည်းကောင်း၊ ရပ်ကွက်(၁) ၊ဘူတာလမ်း ၊လားရှိုး မိုတယ်ရှေ့၌ လည်းကောင်း ၊ရပ်ကွက်(၉) အုပ်ချုပ်ရေး မှူးရုံးရှေ့၌ လည်း ကောင်း ၊သိန္နီလမ်းမကြီးပေါ်ရှိ လမ်းဆုံများတွင် လည်းကောင်း ပြုလုပ်ခဲ့ ကြောင်းသိရသည်။
ထိုကဲ့သို့ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း ၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီအဖွဲ့ဝင်များ ၊ဌာနဆိုင်ရာ များ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် Stay at Home ကာလ အတွင်း ရပ်ကွက်နေ ပြည်သူများ လိုက်နာရမည့် စည်းကမ်းချက်များကို အသိပညာပေး ရှင်းလင်းကာ ရပ်ကွက်အတွင်း ဝင်/ထွက်သွားလာ မှုများအား စနစ်တကျ စိစစ်ပြီးမှသာ သွားလာခွင့်ပြုခြင်း၊ပါးစပ်၊ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရေး အသိပညာပေးခြင်း၊ မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေး ကုန်တင်ယာဉ်များ သွားလာမှု စံသတ်မှတ်ချက် အတိုင်း လိုက်နာဆောင်ရွက်ရန်အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ သည်။
လားရှိုးမြို့သည် Stay at Home မြို့အဖြစ် အကျုံးဝင်သည့်မြို့ဖြစ်သည့် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ရပ်ကွက်နေပြည်သူများ လိုက်နာရမည့်စည်းကမ်းချက်များ ကိုလည်းကောင်း၊ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်း ချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနက အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ခရိုင် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မတီ ၏ ကြီးကြပ်မှုဖြင့် လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်အသီးသီးတွင် နေ့စဉ် အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ အသံချဲ့စက်များဖြင့် ရောဂါကူးစက်မှု လျော့နည်းပပျောက်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့တွင် ဇွန်လ ၉ ရက်နေ့မှ ဇူလိုင်လ ၂၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၃၅၄ ဦးထိရှိခဲ့ပြီး ရောဂါသက်သာသဖြင့် ဆေးရုံဆင်းခွင့်ရသူမှာ ၇၃၉ ဦးရှိကြောင်း သိရသည်။