မြိတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေး ဆော်ဩရေးယာဉ်များဖြင့် လိုက်လံကြေညာ

မြိတ်    ဇူလိုင်   ၂

 

မြန်မာနိုင်ငံအတွင်း ကူးစက်မြန်သော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် ၄င်းတို့မှတစ်ဆင့် ကူးစက်သူ များ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပျံ့နှံ့ဖြစ်ပွားလျက်ရှိရာ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြိတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ရောဂါကာကွယ်ရေး စည်ကမ်းချက်များကို မော်တော်ယာဉ်ဖြင့် လိုက်လံ ကြေညာ လျက်ရှိသည်။

 

“ လက်ရှိ ရက်ရှည်ရုံးပိတ်ရက်ကာလအတွင်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့ပေါ် ဈေးကြီး(၆)ဈေးနှင့် စည်ပင်မှကြီးကြပ်လျက်ရှိတဲ့ ဈေးအငယ်(၈)ဈေးမှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ အသား /ငါးတွေ ၊ ဟင်းသီးဟင်းရွက်နှင့် စားကုန်ပစ္စည်းတွေကိုသာ ရောင်းချနေပြီး တခြားဆိုင်တွေကို ယာယီပိတ်သိမ်း ဆောင်ရွက်လျက်ရှိပါတယ်။ ထိုနည်းတူ မြို့ပေါ်(၁၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)ခုမှာလည်း ဈေးများနည်းတူ အခြေခံစား သောက်ကုန်တွေကို ရောင်းချပြီးတော့ တခြားဆိုင်တွေ ယာယီပိတ်သိမ်းထားရှိရေးအတွက် ဆောင် ရွက်လျက်ရှိပါတယ်” ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်စိုးက ပြောသည်။

 

မြိတ်မြို့နယ်အတွင်း စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာရောင်းချရန်၊ စင်တင်တေးဂီတ ဖျော် ဖြေခြင်း၊ ကာရာအိုကေဖြင့် အပန်းဖြေအနားယူခြင်း၊ ဈေးများတွင် ဈေးရောင်းသူ/ဝယ်သူများ နှာခေါင်းစည်း စနစ် တကျ တပ်ဆင်ကြရန် နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား တိကျစွာလိုက်နာကြရန်၊ မရှိမဖြစ် အခြေခံလိုအပ်ချက်များဖြစ်သော စက်သုံးဆီ၊ သောက်ရေသန့်၊ သား/ငါးနှင့် အခြေခံစားသောက်ကုန် ရောင်းချသည့်ဆိုင်များ၊ ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာရောင်းချသည့်ဆိုင်များသာ ဖွင့်လှစ်ရောင်းချရန်နှင့် အခြား ကုန်ပစ္စည်းများ ရောင်းချသောဆိုင်များ ယာယီပိတ်သိမ်းထားရန် စသည့် စည်းကမ်းသတ်မှတ်ချက်များအား ရပ်ကွက်များအတွင်း မော်တော်ယာဉ်ဖြင့်လိုက်လံကြေညာခဲ့သည်။

 

မြိတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၅၀၀)ကျော်ရှိလာခဲ့ပြီဖြစ်ရာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်း များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊  မြို့နယ်များတွင်လည်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် နိုင်ရေးနှင့် ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ရောဂါကာကွယ်ရေး စည်ကမ်းချက်များကို မော်တော်ယာဉ်ဖြင့် လိုက်လံ ကြေညာလက်ရှိကြောင်း သိရသည်။